
ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ စတုတ္ထအကြိမ်မြောက် ဒေသကော်မတီများ ညီလာခံမှာ တော်လှန်ရေးမှာ ချင်းပြည်သူတွေ ပိုမိုပါဝင်လာဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေဆီက အကူအညီတွေရဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) က စတုတ္ထအကြိမ်မြောက် ဒေသကော်မတီများ ညီလာခံကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကျင်းပခဲ့တယ်လို့ CNF က ထုတ်ပြန်ပါတယ်။
အဲဒီဒေသကော်မတီများ ညီလာခံမှာ နိုင်ငံပေါင်း ၁၃ နိုင်ငံက ကိုယ်စားလှယ် ၆၇ ယောက် တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
CNF ရဲ့ ချင်းလဲန်းတည်ဆောက်မှု အားကောင်းစေဖို့အတွက် နိုင်ငံတကာရောက် ချင်းလူမျိုးအားလုံး ပူးပေါင်းပါဝင်ဖို့၊ အမျိုးသားတော်လှန်ရေးမှာ ရန်ပုံငွေထည့်ဝင်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အာဆီယံဥက္ကဋ္ဌရာထူး ယူခဲ့တဲ့ မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စတွေမှာ ကူညီဆောင်ရွက်ပေးခဲ့သလို နောက်လာမယ့် အာဆီယံဥက္ကဋ္ဌ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးမှာ ပိုမိုထိရောက်တဲ့ အကူအညီတွေ ပေးဖို့ကိုလည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
CNF မှ ဆလိုင်းဗန်က “တော်လှန်ရေး အောင်မြင်နိုင်ဖို့အတွက် ရန်ပုံငွေတွေ ဘယ်လိုရှာဖွေသွားမလဲ အဲဒါတခုရယ်၊ မလေးရှားမှာ ရောက်ရှိနေတဲ့ ချင်းဒုက္ခသည်အရေးပေါ့၊ ညီလာခံထက်ပေါ့နော် ဒေသကော်မတီတွေက CNF ကိုပဲ ထောက်ပံ့တဲ့အဖွဲ့ပေါ့နော်။ ဒါပေမဲ့ လက်ရှိကြုံနေရတဲ့ စစ်ဘေးရှောင်ကိစ္စတွေကို Organization အတိုင်းပဲဖြစ်ဖြစ် သူတို့နေထိုင်တဲ့ နိုင်ငံအစိုးရတွေကို အခြေအနေတွေတင်ပြဖို့၊ နောက်တခုက လူသားချင်းစာနာမှုတွေ ပံ့ပိုးကူညီနိုင်အောင်ပေါ့” လို့ ပြောပါတယ်။
တွေ့ဆုံခဲ့တဲ့ နိုင်ငံတကာကော်မတီတွေဟာ ချင်းအမျိုးသားတပ်ဦး ခိုင်မာအားကောင်းရေးနဲ့ တော်လှန်ရေးရန်ပုံငွေကို အဓိကရှာဖွေပေးတဲ့ ဒေသဆိုင်ရာ ကော်မတီတွေရဲ့ ညီလာခံလို့ ဆိုပါတယ်။
လက်ရှိတော်လှန်ရေးမှာ ချင်းပြည်သူတွေဟာ ပြည်သူ့ရန်ပုံငွေနဲ့ ပြည်သူကနေ တော်လှန်နေတာ ဖြစ်တဲ့အတွက် ဒီညီလာခံကနေ စစ်ရေး၊ နိုင်ငံရေး ပိုမိုအားကောင်းစေဖို့ ပြည်သူတွေအတွက် အားသစ်လောင်းပေးတဲ့သဘောလို့ ဆိုပါတယ်။
ချင်းတော်လှန်ရေးအတွက် နိုင်ငံအလိုက် ရန်ပုံငွေရှာဖွေဖို့နဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံအခြေအနေကို တင်ပြဖို့တွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Chin National Front မှ ဆလိုင်းထက်နီက “အဓိက အဲဒီမှာ ဆုံးဖြတ်ချက်တွေ ချမှတ်ကြတယ်။ ချမှတ်တဲ့အတိုင်းကို သက်ဆိုင်ရာ နိုင်ငံအလိုက် သူ့အပိုင်းအလိုက် လူသားစာနာကိစ္စကအစ အာဆီယံရဲ့ Five point consent တွေကို ဆွေးနွေးခဲ့ကြတာဆိုတော့ သူတို့က သက်ဆိုင်ရာတွေကို ချပြပြီး လုပ်ငန်းစဉ်တွေအနေနဲ့ ချထားခဲ့တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်အတိုင်း ချင်းအမျိုးသားတပ်ဦးရဲ့ နိုင်ငံခြားရေးရာဌာနက အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီဒေသကော်မတီများ ညီလာခံကြောင့် ချင်းအမျိုးသားတပ်ဦးနဲ့ ချင်းတော်လှန်ရေးအတွက် ပိုပြီး ခိုင်မာအားကောင်းတဲ့ နိုင်ငံရေး၊ စစ်ရေး အင်အားတည်ဆောက်မှုရဲ့ အကျိုးဖြစ်လာသလို လက်ရှိ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ပြည်သူလူထု မပါဝင်ဖို့အတွက် ရွေးကောက်ပွဲကို ဆန့်ကျင်မယ့် အားတခု ဖြစ်လာမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
သီရိ


