
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ အခုရက်ပိုင်း ခိုးဆိုးလုယက်မှုတွေ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မြို့ခံအများစု စစ်ရှောင်နေကြရတဲ့အတွက် လူမရှိတဲ့အိမ်တွေမှာ ခိုးမှုတွေ များနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်က မိုးကုတ်မြို့၊ ပန်းမရပ်ကွက်က နေအိမ်တလုံးမှာ ပစ္စည်းတွေကို ဝင်ခိုးပြီး အိမ်ကိုပါ သူခိုးတွေက မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
အိမ်မီးရှို့ခံရပြီး မီးခိုးနဲ့ ညှော်နံ့တွေထွက်မှ ရပ်ကွက်ထဲကျန်ရှိတဲ့ ပြည်သူတွေက သွားကြည့်တဲ့အချိန်မှာ အခိုးခံရမှန်း သိရှိခဲ့တယ်လို့ ဆိုပါတယ်။
မြို့ခံပြည်သူ တဝက်နီးပါး စစ်ဘေးတိမ်းရှောင်နေကြရပေမဲ့ သက်ကြီးရွယ်အိုနဲ့ ရပ်မိရပ်ဖ တချို့တော့ အိမ်စောင့်အဖြစ် နေခဲ့ကြသူတွေ ရှိတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
“ခိုးဆိုးလုယက်သတင်းကတော့ ရှိတယ်။ ပန်းမဘက်တွေ ဘာတွေမှာလည်း အနောက်ပိုင်းပန်းမမှာ အိမ်ဖောက်တာတွေ ခိုးတာတွေ ရှိတယ်။ တချို့နေရာတွေမှာ မြို့ထဲ လူဝေးတဲ့အိမ်တွေ ရှောင်တဲ့သူများတဲ့ အိမ်တွေမှာ တချို့ လေးငါးယောက် ဝင်ဖောက်တာတွေ၊ ပစ္စည်းတွေ သယ်ထုတ်တာမျိုးတော့ မရှိဘူး၊ ဝင်ဖောက်တာမျိုးတွေတော့ ရှိတယ်။ မြို့ထဲအခြေအနေကတော့ လူကတော့ မြို့တဝက်နီးပါးလောက် မရှိတော့ဘူး၊ တော်တော်များများတော့ ခြောက်ကပ်နေတယ်။ ပုံမှန်သွားလာနေကြတဲ့သူတွေတော့ ရှိတယ်။ ထာပွဲလည်း ပုံမှန်ပဲဖြစ်တယ်။ တွင်းလုပ်တဲ့သူတွေလည်း ပုံမှန်ပဲ လုပ်နေကြတယ်။”
ခိုးမှုတွေ များနေတာနဲ့ ပတ်သက်ပြီး သူခိုးတွေကို ဖမ်းဆီးအရေးယူနိုင်တာမျိုးတော့ မတွေ့ရဘူးလို့ မြို့ခံတချို့က ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက TNLA အချုပ်ထောင်က မူးယစ်ဆေးဝါးအမှုနဲ့ အချုပ်ကျရောက်နေသူတွေ ငွေကြေးပေးပြီး လွတ်လာရတဲ့အတွက် အခုလို ခိုးမှုတွေ များလာရတယ်လို့ မြို့ခံတွေက ထင်မြင်ချက် ပေးပါတယ်။ ဒါနဲ့ပတ်သက်လို့ TNLA ဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
လက်ရှိ မိုးကုတ်မြို့ထဲမှာတော့ TNLA တပ်သားတချို့ ရှိနေပြီး စစ်ကောင်စီတပ်သားတွေ ဝင်လာတာမျိုးတော့ မတွေ့ရသေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
မိုးကုတ်မြို့ခံက “၈၀ ရာခိုင်နှုန်းသော ပြည်သူတွေက စစ်ရှောင်သွားကြပြီဆိုတော့ အဲဒီ စစ်ဘေးရှောင်တဲ့ နေအိမ်တွေကို ဆေးသမားတွေ၊ သူခိုးတွေ ဒါတွေက TNLA အချုပ်ထောင်ထဲကနေ သိပ်မကြာခင်ရက်ပိုင်းက ပိုက်ဆံနဲ့ ရွေးထုတ်သွားတဲ့သူတွေ၊ ပိုက်ဆံနဲ့ ထွက်သွားတဲ့သူတွေ အများကြီးရှိနေတဲ့အတွက် သေချာပေါက်ကို ရှိလာမှာပါ။ ဘယ်သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေသလဲဆိုရင် TNLA ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပါသေးတယ်” လို့ ပြောပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ၂၀၂၄ ဇူလိုင်လအတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့ပြီး တနှစ်ကျော်အကြာ နိုဝင်ဘာ ၂၉ ရက်မှာ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် စစ်ကောင်စီနဲ့ ညှိနှိုင်းပြီး မိုးကုတ်မြို့ကနေ ထွက်ခွာမယ်လို့ သိရပါတယ်။
TNLA တပ်တွေ ဆုတ်ခွာတဲ့အခါ စစ်ကောင်စီတပ်ကိုပါ တခါတည်း မိုးကုတ်မြို့ထဲ ခေါ်လာမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
သီရိ


