
“မိုးသောက်ချိန်” DVB ရုပ်သံအစီအစဉ်ဟာ မြန်မာပြည်တွင်းပြည်ပမှာရှိတဲ့ လူငယ်တွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဗဟုသုတလည်းရ ရသပေါင်းစုံလည်း ပေးနိုင်အောင် ဖန်တီးထားတဲ့ အစီအစဉ်လေးတခု ဖြစ်ပါတယ်။
ဒီတပတ်မှာတော့ “နိုင်ငံရေးသမားတိုင်းမင်းမယုံနဲ့” ဆိုတဲ့ ရက်ဂေးအနုပညာရှင် မုရှိနဲ့ “ဘ၀ရဲ့မှတ်တိုင်” အကြောင်း ပြောပြတဲ့ ကရင်နီအနုပညာရှင် ခူးထဲဖဲတို့က ပါဝင်ဆွေးနွေးပေးထားပါတယ်။
ဒီအစီအစဉ်မှာ DVB ဝိုင်းတော်သား အစီအစဉ်တင်ဆက်သူတွေဖြစ်ကြတဲ့ ဝမ်ဒီ နဲ့ ဖူးအိအိနွယ် တို့က ပူးပေါင်းတင်ဆက်ပေးထားပါတယ်။
ရက်ဂေးအနုပညာရှင် မုရှိက သူဖန်တီးထားတဲ့ ရက်ဂေးသီချင်းတွေနဲ့ ပတ်သက်ပြီး ပြောပြပေးထားပါတယ်။
“ကျနော်တို့ သီချင်းတွေက အများကြီးလုပ်ထားတယ်ဗျ၊ အရင်တည်းက ပြည်တွင်းစစ်တွေ ဖြစ်နေတဲ့အကြောင်းတွေလုပ်တယ်၊ ပြီးတော့ နိုင်ငံမှာ ငြိမ်းချမ်းရေး လိုတဲ့အကြောင်းတွေ လုပ်ထားတယ်။ ဒါပေမဲ့ တခုက ကျနော်တို့လုပ်ပြီး သိပ်မကြာဘူး၊ ကိုဗစ် ဖြစ်တယ်၊ အာဏာသိမ်းတယ်။ အာဏာသိမ်းတော့ ကျနော်တို့ရဲ့ သီချင်းက ရက်ဂေး ဖြစ်တဲ့အတိုင်း ကျနော်တို့က ကျနော်တို့ရဲ့အစိုးရကို ဝေဖန်မှာ၊ ဘာပဲဖြစ်ဖြစ်ဝေဖန်မှာ။ ဝေဖန်မယ် ဆိုတာ ကောင်းတဲ့ဘက်ကပေါ့၊ ဒါတွေ လိုအပ်နေတယ်၊ ဒါတွေ လိုအပ်နေတယ်၊ ကျနော်က သီချင်းတွေကတဆင့် လူတွေကို သိစေချင်တဲ့အတွက်ကြောင့် ကျနော်တို့သီချင်းတွေမှာ တော်တော်များများက မက်ဆေ့ချ်ပေးရတယ်၊ ရက်ဂေး ပုံစံဆိုရင် Babylon System ပေါ့၊ အဲဒီ system ကြီးကို ကျနော်တို့ အမြဲတမ်း ပြောနေရတယ်ပေါ့၊ ဒီဟာက ဟုတ်မနေဘူး၊ မှားနေတယ်၊ ကျနော်တို့ အခွင့်အရေးတွေ မရနေဘူး။ အဲတော့ ကျနော်တို့က အဲ့သီချင်းတွေနဲ့ ပတ်သက်ပြီးတော့ ဟိုးအရင်ကတည်းက ရေးလာတာပေါ့။”
“ဒါပေမဲ့ အဲ့သီချင်းတွေကို Produce လုပ်ဖို့ကျတော့ ကျနော်တို့ရဲ့ လုံခြုံရေးရှိတယ်။ အခုအခြေအနေဆို ပိုဆိုးတယ်။ ဟိုတုန်းကလည်း ကျနော်တို့မှာ အဲ့သီချင်းတွေလုပ်ဖို့ လုံခြုံရေးအခြေအနေ မရှိဘူး။ အဲ့တုန်းကတော့ ကျနော်တို့ ကျောင်းသားဘဝဆိုတော့ ငွေရေးကြေးရေး မရှိဘူး။ ဒီဘက် အခု အခြေအနေပြန်ရောက်တော့လည်း ကျနော်တို့ အဲ့သီချင်းတွေ လုပ်ဖို့ကျတော့ ကျနော်တို့မှာ လုံခြုံမှုမရှိတော့ဘူး။ လုံခြုံမှုမရှိဘူးဆိုတာ ကျနော်က အခုကျတော့ ဒီဘက်မှာရှိတယ်။ တချို့အတူလုပ်နေတဲ့ လူတွေကျတော့ နိုင်ငံထဲမှာရှိတယ်။ ကျနော်တို့ ဒီဘက်မှာ လုပ်လိုက်တဲ့ဆိုရင် အထဲမှာရှိနေတဲ့ သူတို့အတွက်ကျတော့ အန္တရာယ်ရှိတယ်။ ကျနော်တို့က တဖွဲ့တည်းဆိုတော့ ကိုယ်လုပ်ချင်ရင်တောင်မှ ငါတို့ ဘယ်လိုပုံစံမျိုးနဲ့ လုပ်ကြမလဲဆိုတာ ရှိတယ်။ ဒါပေမဲ့ သေချာတာတခုကတော့ produce လုပ်ဖို့ဆိုရင် ဒီစာသားတွေပဲ ကျနော်တို့ သုံးချင်တယ်။ ကျနော်တို့ကို လာမပြင်ခိုင်းနဲ့၊ ကျနော်တို့ မကြိုက်ဘူး၊ ကျနော်တို့ ပြောချင်တာက ဒီ Point တွေ၊ အဓိက အချက်တွေပေါ့၊ အဲဒီအချက်တွေကို ပြောချင်တော့ အဲဒါတွေကို မပြင်ခိုင်းနဲ့၊ ကျနော်တို့ ပြင်ပေးမှာလည်း မဟုတ်ဘူး။ အဲဒီသီချင်းထုတ်ဖို့တော့ ကျနော်တို့ကို မပြင်ခိုင်းနဲ့၊ ကျနော်တို့ ပြင်ပေးမှာမဟုတ်ဘူး။ ဆိုတော့ စာသားလည်း မပြင်ချင်ဘူး၊ ထုတ်လုပ်ဖို့ကျတော့လည်း ကျနော်တို့ လုံခြုံရေးရှိနေတော့ အကန့်အသတ်တော့ ဖြစ်တယ်။”
အပြည့်အစုံကြည့်ရှုရန်။


