
အိန္ဒိယနိုင်ငံမှာ စပါးရိတ်သိမ်းပြီးတဲ့နောက် လေထုညစ်ညမ်းစေတဲ့ ရိုးပြတ်မီးရှို့တဲ့အလုပ်ကို နှစ်ပေါင်းများစွာ လုပ်အပြီး ပန်ဂျပ်ပြည်နယ်က တောင်သူလယ်သမားများစွာဟာ သန့်ရှင်းတဲ့ အစားထိုးနည်းအတွက် ရိုးပြတ်တွေကို မီးရှို့တဲ့ အလေ့အထကို စွန့်လွှတ်လာကြပါတယ်။
အိန္ဒိယမြောက်ပိုင်းမှာ အဆိပ်သင့်ဆောင်းရာသီ မီးခိုးမြူတွေရဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ စပါးရိတ်အပြီး ရိုးပြတ်ကို မီးရှို့တဲ့ ထုံးတမ်းစဉ်လာကို ထွန်စက်နဲ့ဆွဲထားတဲ့ စက်တွေနဲ့ အစားထိုးနေပါတယ်။
စံဂရူခရိုင်ရှိ ဘယ်လ်ဝါကာလန်ရွာက တောင်သူလယ်သမားတွေက ရွှေရောင်ကောက်ရိုးတွေကို အတန်းလိုက် လှည်းကျင်းဖို့ ထွန်စက်တွေကို သုံးနေကြပြီး အလုပ်သမားတွေက ကောက်လှိုင်းစည်းတွေကို သယ်ယူပို့ဆောင်ဖို့ နောက်တွဲယာဉ်တွေပေါ် စုပုံနေကြပါတယ်။
ကောင်းကင်ဆီ မီးခိုးတွေ ပို့မယ့်အစား အခုတော့ ကြိတ်ထားတဲ့ ကောက်ရိုးတွေကို စက်ရုံတွေဆီ ပို့နေကြပြီး ကောက်ပဲသီးနှံပြဿနာအတွက် ပိုကောင်းတဲ့ ဖြေရှင်းချက်တခု ဖြစ်လာတာပါ။
ရိုးရာအစဉ်အလာအရ ရိုးပြတ်တွေကို မီးရှို့တာက စပါးနဲ့ ဂျုံ ရိတ်သိမ်းရာသီမှာ လယ်ကွင်းတွေကို ရှင်းဖို့ ပန်ဂျပ်တောင်သူတွေအတွက် အမြန်ဆုံးနည်းလမ်းဖြစ်ပေမဲ့ ဒေသတွင်း လေထုအရည်အသွေးအပေါ် သက်ရောက်မှုကြောင့် ၂၀၁၅ ခုနှစ်ကစပြီး တရားမဝင် ဖြစ်ခဲ့ပါတယ်။
အခုအပတ်မှာ မြို့တော် နယူးဒေလီရဲ့ လေထုအရည်အသွေးညွှန်းကိန်းက ၄၀၀ ဝန်းကျင်မှာ ရှိနေပြီး “ပြင်းထန်တဲ့” အမျိုးအစားမှာ ရပ်တည်ခဲ့လို့ အာဏာပိုင်တွေက ဆောက်လုပ်ရေးနဲ့ စက်မှုလုပ်ငန်းတွေအပေါ်ကို ကန့်သတ်ချက်တိုးဖို့ တွန်းအားပေးခဲ့ပါတယ်။
အရင်က အာဏာပိုင်တွေက မြို့တော်မှာ ဆောင်းရာသီတိုင်း ဖုံးနေတဲ့ မီးခိုးမြူအများစုမှာ အိမ်နီးချင်း ပန်ဂျပ်နဲ့ ဟာရီယာနာပြည်နယ်တွေက လယ်သမားတွေက လယ်ကွင်းတွေကို ရှင်းဖို့ သီးနှံရိုးပြတ်တွေကို တရားမဝင် မီးရှို့တဲ့ မီးခိုးတွေကြောင့်လို့ အပြစ်တင်ခဲ့ကြတာပါ။
အခုတော့ ပိုသန့်ရှင်းတဲ့ အစားထိုးနည်းလမ်းတွေ ပေါ်လာပါပြီ။ လယ်သမားတွေက ရိုးပြတ်တွေကို မီးရှို့မယ့်အစား စုဆောင်းအပြီး သပ်သပ်ရပ်ရပ် ဖိသိပ်ထုပ်ပိုးဖို့ ထွန်စက်နဲ့ ဆွဲယူလာတဲ့ ထုပ်ပိုးစက်ကို သုံးနေပါတယ်။
ပန်ဂျပ်လယ်သမားတချို့အတွက် ရိုးပြတ်ထုပ်ပိုးတဲ့နည်းဟာ ဝင်ငွေလမ်းကြောင်းအသစ်တွေအပြင် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကနေ သက်သာရာရစေတဲ့ အခွင့်အလမ်းတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
ပန်ဂျပ်က စွန့်ဦးတီထွင်လယ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် အများအပြားဟာ လယ်ယာဇီဝ လောင်စာတွေကို ဇီဝဓာတ်ငွေ့၊ ဇီဝဓာတ်မြေဩဇာနဲ့ လောင်စာပြားတွေအဖြစ် ပြုပြင်ဖို့ စက်ရုံတွေ တည်ထောင်ခဲ့ကြပါတယ်။
ကြားဝင်ဆောင်ရွက်ချက်တွေဟာ ၂၀၂၄ ခုနှစ်မှာ ကောက်ရိုးတန်ချိန် ၂ သန်းကျော်ကို မီးမရှို့အောင် ကာကွယ်ပေးခဲ့ပြီး ညစ်ညမ်းမှုနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သိသိသာသာ လျှော့ချပေးခဲ့တယ်လို့ CII ဖောင်ဒေးရှင်းက ပြောပါတယ်။
စက်မှုလုပ်ငန်း လုပ်ကိုင်သူတွေကလည်း ပိုလျှံနေတဲ့ ကောက်ရိုးကို စုယူဖို့ ပိုတိုး ဆောင်ရွက်နေကြပါတယ်။
Source: Reuters


