Home
နိုင်ငံတကာ
ဂျပန်ဝန်ကြီးချုပ်၏ပြောဆိုချက် တရုတ်သံအမတ်ကြီး ပြင်းပြင်းထန်ထန် ကန့်ကွက် 
DVB
·
November 16, 2025
Photo: Reuters

ဂျပန်ဝန်ကြီးချုပ်၊ ဆာနာအဲတာကာအိချိရဲ့ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ မှတ်ချက်အမှားတွေအပေါ် လေးလေးနက်နက် တရားဝင်ကန့်ကွက်ဖို့ ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဝူကျန်းဟောက်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာခဲဟိရို ဖှုနာ့ခိုရှိနဲ့ တွေ့ခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်က တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်အပေါ် ပွင့်ပွင့်လင်းလင်းနဲ့ ရန်စတဲ့ မှတ်ချက်တွေဟာ အခြေခံအသိဉာဏ်ကို ချိုးဖောက်ပြီး တရုတ်ရဲ့ အနီရောင်စည်းမျဉ်းကို ဖြတ်ကျော်ခဲ့တယ်၊ အင်အားသုံးခြိမ်းခြောက်ပြီး စစ်ပွဲဆင်နွှဲဖို့ တောင်းဆိုခဲ့တယ်လို့ ဝူက လွှတ်တော်ဆွေးနွေးပွဲမှာ ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ သူ့အမှားတွေကို ဝန်ခံဖို့ ငြင်းခဲ့ပြီး သူ့ရဲ့ထုတ်ပြန်ချက်တွေကို ပြန်ရုပ်သိမ်းဖို့နဲ့ ဆိုးကျိုးသက်ရောက်မှုကို လျှော့ချဖို့ ငြင်းဆိုခဲ့တယ်၊ ဒါဟာ အခြေအနေကို လုံးဝမှားမှားယွင်းယွင်း ဆုံးဖြတ်တာဖြစ်ပြီး ကိုယ့်ကိုယ်ကို အလွန်အကျွံ ခန့်မှန်းတာဖြစ်တယ်လို့ ဝူက ပြောပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ရဲ့ ထိုင်ဝမ်ဖြစ်ပြီး ထိုင်ဝမ်ပြဿနာဟာ တရုတ်ရဲ့ အဓိကအကျိုးစီးပွားတွေရဲ့ အဓိကအချက်ဖြစ်တယ်လို့ ဝူက ထောက်ပြခဲ့ပါတယ်။ 

ထိုင်ဝမ်ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးကို ဘယ်လိုအကောင်အထည်ဖော်ရမလဲဆိုတာ တရုတ်ပြည်သူတွေ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပြီး ဘယ်လိုပြင်ပအင်အားစုရဲ့ ဝင်ရောက်စွက်ဖက်မှုကိုမျှ လက်မခံဘူးလို့ ဝူက ပြောပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးအရ ဝင်စွက်ဖက်ဖို့ ဂျပန်အစိုးရရဲ့ တောင်းဆိုချက်ဟာ တရုတ်နိုင်ငံရဲ့ အဓိကအကျိုးစီးပွားတွေအတွက် ထင်ရှားတဲ့ စိန်ခေါ်မှုတရပ်လို့ တရုတ် သံအမတ်ကြီးက ပြောပါတယ်။

ဒီနေ့ခေတ် တရုတ်နိုင်ငံဟာ အတိတ်က တရုတ်နိုင်ငံမဟုတ်တော့ဘူးဆိုတာ တရုတ်နိုင်ငံက ဂျပန်ကို လေးလေးနက်နက် သတိပေးတယ်လို့  ဝူက ပြောပါတယ်။ ဂျပန်ဘက်က ထိုင်ဝမ်ပြဿနာမှာ အင်အားသုံးဝင်စွက်ဖက်ရဲရင် ပြင်းထန်တဲ့ ရှုံးနိမ့်မှုသာ ကြုံတွေ့ရမယ်။

ဂျပန်နိုင်ငံအနေနဲ့ သမိုင်းကြောင်းကို နက်နက်ရှိုင်းရှိုင်း ပြန်သုံးသပ်ဖို့၊ ဆိုးရွားတဲ့ ထုတ်ပြန်ချက်တွေကို ပြန်ရုပ်သိမ်းဖို့နဲ့  ရန်စမှုတွေ အလွန်အကျွံ လုပ်ဆောင်မှုတွေကို ရပ်ဖို့ တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်တိုက်တွန်းတယ်၊ မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက် အားလုံးကို ခံစားရမယ်လို့လည်း တရုတ်သံအမတ်ကြီးက ခြိမ်းခြောက်ခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013