
အလုပ်အလွန်အကျွံလုပ်လို့ သေဆုံးမှု (ကာရိုရှီ) ကြောင့် နာမည်ကြီးတဲ့ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်သစ် ဆာနာအဲ တာကာအိချိဟာ မနက် ၃ နာရီကျော် အစည်းအဝေးခေါ်ပြီး ဝန်ထမ်းတွေကို အလုပ်ခိုင်းခဲ့တဲ့ကိစ္စအတွက် ဝေဖန်ခံနေရပါတယ်။
ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း အလုပ်သရဲလို့ နာမည်ကြီးပြီး အလုပ်နဲ့ဘဝ မျှတရမယ်ဆိုတဲ့ အယူအဆကို ပွင့်ပွင့်လင်းလင်း ပယ်ချထားသူ ဖြစ်ပါတယ်။
ဂျပန်မီဒီယာတွေမှာ “မနက် ၃ နာရီ အတန်းချိန်” လို့ နာမည်ကြီးသွားတဲ့ ဒီအစည်းအဝေးကို လွှတ်တော်မတက်ခင် ပြင်ဆင်ဖို့ ဝန်ကြီးချုပ်အိမ်တော်မှာ လက်ထောက်တွေနဲ့ ခေါ်ခဲ့တာဖြစ်ပြီး ၃ နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။
ဝန်ကြီးချုပ် တာကာအိချိကတော့ မနက် ၉ နာရီ လွှတ်တော်မှာ အမတ်တွေရဲ့ မေးခွန်းတွေကို ဖြေဖို့ ပြင်ဆင်တာဖြစ်ကြောင်း၊ သူ့အိမ်က ဖက်စ်စက် ပျက်နေတာနဲ့ အတိုက်အခံအမတ်တွေက မေးခွန်းတွေ နောက်ကျမှတင်တာကြောင့် အခုလို အချိန်မတော် ပြင်ဆင်ခဲ့ရတာလို့ ဖြေရှင်းထားပါတယ်။
ဒါပေမဲ့ အဓိက အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ယိုရှီဟီကို နိုဒါက ဒီလုပ်ရပ်ကို “ရူးနှမ်းတဲ့” အပြုအမူလို့ ခေါ်ဝေါ်ခဲ့ပါတယ်။
လူတိုင်းအိပ်နေတဲ့အချိန်မှာ ဝန်ကြီးချုပ်က တခြားဝန်ထမ်းတွေကို ဒီကိစ္စထဲ ဆွဲမထည့်သင့်ဘူး လို့လည်း သူက ပြောပါတယ်။
ဝန်ကြီးချုပ် တာကာအိချိ ကိုယ်တိုင်က ဂျပန်နိုင်ငံရဲ့ အချိန်ပိုအလုပ်လုပ်ခွင့် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ ထောက်ခံနေချိန်နဲ့ တိုက်ဆိုင်နေလို့ ဖြစ်ပါတယ်။
ဂျပန်မှာ ၂၀၁၆ ခုနှစ်က ကြော်ငြာကုမ္ပဏီ Dentsu က ဝန်ထမ်းတယောက် အချိန်ပို နာရီ ၁၀၀ ကျော် လုပ်ခဲ့ရပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တဲ့ဖြစ်ရပ် ရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ၂၀၁၉ ခုနှစ်မှာ တလကို အချိန်ပို ၄၅ နာရီဆိုတဲ့ ကန့်သတ်ချက်ကို ပြဋ္ဌာန်းခဲ့ရတာဖြစ်ပြီး ဝန်ကြီးချုပ်က ဒီကန့်သတ်ချက်ကို ဖြေလျှော့ဖို့ ထောက်ခံနေတာ ဖြစ်ပါတယ်။


