မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းမှာ စစ်တပ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစုံက ပြောင်းကားတွေကို အခွန်အဆမတန် ကောက်နေတယ်လို့ ပြောင်းကုန်သည်နဲ့ တောင်သူတွေက ပြောပါတယ်။
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မန္တလေး-မူဆယ်လမ်းပိုင်းမှာ စစ်တပ်နဲ့ ဌာနဆိုင်ရာဂိတ်တွေအပြင် တိုင်းရင်းသာလက်နက်ကိုင်တပ်ဖွဲ့တွေပါ ဂိတ်တွေချထားပါတယ်။
အဲဒီ ဂိတ်ပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံက ပြောင်းကားတွေကို ကုန်စည်နဲ့မလိုက်အောင် အခွန်အဆမတန် တောင်းနေတာကြောင့် ပြောင်းကုန်သည်နဲ့ တောင်သူတွေ နစ်နာနေရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
မန္တလေး-မူဆယ်လမ်းအပြင် လားရှိုး-တောင်ကြီးလမ်းပိုင်းမှာလည်း စစ်တပ်နဲ့ ဌာနဆိုင်ရာဂိတ်တွေ အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေပါ ဂိတ်တွေချထားပါတယ်။
အဲဒီလမ်းပိုင်းမှာ သွားနေတဲ့ ကားတွေလည်း နှစ်စဉ်ကြေးပေးနေရသလို ခေါင်းကြေးအနေနဲ့ ဖြတ်တဲ့ဂိတ်တိုင်း ပေးနေရတာကြောင့် ၄ ယောက်စီး ခရီးသည်တင်ယာဉ်တစီးကို တကြောင်း တသိန်းခွဲလောက် ကုန်ကျနေတာပါ။
ဒါ့အပြင် တိုင်းရင်းသားတပ်တခုရဲ့ စစ်ဆေးရေးဂိတ်က ကားရပ်ခိုင်းတာကို ရပ်ခိုင်းတဲ့နေရာမှာ မရပ်လို့ သေနတ်နဲ့ ပစ်ခံရတဲ့ ခရီးသည်တင်ယာဉ်တွေလည်း ရှိပါတယ်။
အခွန်အခတွေကြောင့် ယာဉ်မောင်းတွေမှာလည်း လုပ်သလောက် အဖတ်မတင်ဘူးလို့ ဆိုကြပါတယ်။
မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မန္တလေး-မူဆယ်လမ်းပိုင်းမှာ စစ်တပ်နဲ့ ဌာနဆိုင်ရာတွေအပြင် SSPP/SSA ရှမ်းတပ်၊ MNDAA ကိုးကန့်တပ်၊ KIA ကချင်တပ်၊ TNLA တအာင်းတပ်နဲ့ AA အာရက္ခတပ်တော်တွေက စိုးမိုးနယ်မြေအလိုက် ကုန်ယာဉ်၊ ခရီးသည်တင်ယာဉ်၊ အိမ်စီးကားနဲ့ တခြားအခွန်အမျိုးမျိုးကို ကောက်ခံနေတာကြောင့် ပြည်သူလူထုတွေမှာ အဖွဲ့အစည်းအသီးသီးရဲ့ အခွန်ဝန်ပိနေသလို ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကိုလည်း ခံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။





