
ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမာဘတ်ရှိ တရားရုံးတခုရဲ့ အဆောက်အအုံအပြင်ဘက်မှာ နိုဝင်ဘာ ၁၁ ရက်က အသေခံဗုံးခွဲသမားတယောက်ကြောင့် အနည်းဆုံး လူ ၁၂ ယောက် သေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး မိုဆင်နာ့ဗီက ပြောပါတယ်။
ပေါက်ကွဲမှုဟာ ပုံမှန်အားဖြင့် တရားလိုများစွာနဲ့ ပြည့်နှက်နေလေ့ရှိတဲ့ အစ္စလာမာဘတ်ခရိုင် တရားရုံး ဝင်ပေါက်အနီးမှာ ဖြစ်ပွားခဲ့တာပါ။
တခြားသူအများအပြားလည်း ဒဏ်ရာရရှိခဲ့ပြီး တချို့မှာစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း ဆေးရုံသတင်းရင်းမြစ်တခုက ပြောပါတယ်။
ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက “ဘယ်လိုပေါက်ကွဲမှုမျိုးလဲဆိုတာ စုံစမ်းစစ်ဆေးနေပါတယ်။ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မှုခင်းဆိုင်ရာအဖွဲ့ဆီက အစီရင်ခံစာရပြီးရင် အသေးစိတ်အချက်အလက်တွေကို ပေးနိုင်မှာပါ” လို့ ပြောကြားခဲ့ပြီး ဒဏ်ရာရရှိသူတချို့မှာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
သေဆုံးသူတွေကိုတော့ ရဲတပ်ဖွဲ့က အတည်မပြုရသေးပါဘူး။
ဗုံးခွဲသူဟာ တရားရုံးအဆောက်အအုံထဲကို ခြေလျင်ဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ ၁၀ မိနစ်မှ ၁၅ မိနစ်လောက် စောင့်ဆိုင်းပြီးနောက် အပြင်ဘက် ရဲကားတစီးအနီးမှာ ဗုံးကို ဖောက်ခွဲပစ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီး နာ့ဗီက သတင်းထောက်တွေကို ပြောပါတယ်။
Source: Reuters


