
ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) လုပ်ခွင့်စာရင်းမှာ ပါပေမဲ့လည်း လူတွေ့စစ်ဆေးပြီးမှ ကတ်ထုတ်ပေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။
မူလက ပြည်ပကို သွားရောက်လုပ်ကိုင်မယ့်သူတွေက လိုအပ်တဲ့ အချက်အလက်တွေနဲ့ OWIC ကတ်လုပ်ခွင့်ကို လျှောက်ထားရတာဖြစ်ပြီး ဌာနက စစ်ဆေးပြီးလို့ ထုတ်ပြန်တဲ့ ပြုလုပ်ခွင့်ပေးတဲ့ နာမည်စာရင်းထဲပါရင် သတ်မှတ်ပေးထားတဲ့ရက်မှာ သွားလုပ်ရတာ ဖြစ်ပါတယ်။
အခု ထပ်ပြီး အသိပေးချက်မှာ နာမည်စာရင်းထဲ ပါရုံနဲ့ မရသေးဘဲ OWIC ကတ် ထုတ်ပေးရေး တာဝန်ခံက လူတွေ့စစ်ဆေးတာ၊ စာရွက်စာတမ်းတွေ မှန်ကန်မှုရှိမရှိ စိစစ်တာတွေလုပ်ပြီး မှန်ကန်မှုမရှိတာ စိစစ်တွေ့ရှိရင် ထုတ်ပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အဲဒီလိုသတ်မှတ်တာဟာ OWIC ကတ်လုပ်ခွင့်အတွက် ထပ်ပြီး တင်းကျပ်တာဖြစ်သလို အောက်ခြေမှာ အဂတိလိုက်စားမှုဖြစ်စေမယ့် အခြေအနေ ဖန်တီးပေးသလို ဖြစ်စေတယ်လို့ ပြည်ပထွက် အလုပ်လုပ်ဖို့ ပြင်ဆင်နေသူတယောက်က ပြောပါတယ်။
“လိုအပ်တဲ့ အချက်အလက်တွေကို ရုံးမှာလည်း စိတ်ကြိုက်စစ်ပြီးပြီ။ နောက်ထပ် စစ်မယ် ဆိုတာက အလုပ်လည်းပိုတယ်။ ကတ်လုပ်ခွင့်ပေးတယ်၊ မပေးဘူး ဆိုတာက လူတွေ့စစ်တဲ့သူရဲ့ အဆုံးအဖြတ် ဖြစ်နေတာ သဘာဝမကျဘူး။ အားလုံးပြည့်စုံနေပြီး မထုတ်ပေးဘူးဆိုရင် ရေလောင်းရတော့မယ်လေ။”
ပြည်ပထွက် အလုပ်လုပ်မယ့်သူတွေ အနေနဲ့ OWIC ကတ်ရှိမှ ထွက်ခွာလို့ရတာဖြစ်လို့ အလုပ်သမားတွေ မဖြစ်မနေ အဲဒီကတ် လိုအပ်တာ ဖြစ်ပါတယ်။
စစ်ကောင်စီက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းမှာရှိတဲ့ အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် တားမြစ်တဲ့အနေနဲ့ OWIC ကတ် လျှောက်ထားခွင့် ပိတ်ထားပါတယ်။
ပြည်ပကို အေဂျင်စီနဲ့ချိတ်ဆက်ပြီး သွားမယ့်သူတွေကို သက်ဆိုင်ရာ အေဂျင်စီက တာဝန်ယူပြီး ကတ်လုပ်ခွင့် လျှောက်ပေးပေမဲ့ ကျွမ်းကျင်လုပ်သားအနေနဲ့ ကိုယ့်အစီအစဥ်နဲ့ကိုယ် သွားမယ့်သူတွေနဲ့ ခွင့်နဲ့ပြန်ရောက်လာပြီး သက်ဆိုင်ရာနိုင်ငံက လုပ်ငန်းဆီပြန်သွားမယ့် OWIC ကတ် မရှိသေးတဲ့သူတချို့က ပွဲစားအပ်ပြီး လုပ်နေကြတာလို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
အဲဒီလို ပွဲစားနဲ့ချိတ်ပြီး လုပ်သူတွေအနေနဲ့ ဝန်ဆောင်ခ တယောက်ကို ကျပ် ၁၀ သိန်းကျော်အထိ ပေးရတာရှိပြီး အခုလို လုပ်ငန်းစဥ် ထပ်တိုးလိုက်တဲ့အတွက် ပိုကုန်ကျမှုတွေ ရှိလာနိုင်တယ်လို့ ပြည်ပထွက်မယ့် အလုပ်သမားတွေက ပြောပါတယ်။


