
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နာမည်ကို အလွဲသုံးစားပြုလုပ်ပြီး လုပ်ငန်းရှင်တွေဆီကနေ ငွေကြေးလိမ်လည်တောင်းခံတာတွေ ရှိနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
အမည်ဖော်လိုတဲ့ မြို့ခံတယောက်က “မြို့ပေါ်က လုပ်ငန်းရှင်တွေဆီကို ဖိုက်ဘာတို့၊ တယ်လီဂရမ်တို့ကနေ ပကဖ နာမည်သုံးပြီး ငွေကြေးတောင်းခံတဲ့စာတွေ ရောက်နေတယ်။ တချို့ လုပ်ငန်းရှင်တွေကလည်း ထုတ်ပြောလာတာတွေ ရှိသလို ကြောက်လို့ ထုတ်မပြောရဲကြသူတွေလည်း ရှိကြတယ်” လို့ ပြောပါတယ်။
အခု နိုဝင်ဘာလဆန်းပိုင်းကစလို့ ရေစကြိုမြို့နယ် ပကဖ နာမည်ကိုသုံးပြီး ခြိမ်းခြောက်တဲ့ စာသားတွေ ပါဝင်တဲ့ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတာလိုလို့ ဆိုပါတယ်။
ရေစကြိုမြို့နယ် ပကဖ တာဝန်ခံ ကိုဝေကြီးက “အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခြိမ်းခြောက်ငွေကြေးတောင်းခံတာ ခံရသူတွေဘက်က ၂ ယောက်ကတော့ ကျနော်တို့ဆီ ဆက်သွယ် ပြောပြလာတယ်။ တချို့လည်း ကြောက်လို့ မပြောရတာတွေ ရှိနေတယ်လို့ သိရတယ်။ အခုဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး သေချာစုံစမ်းဖော်ထုတ် အရေးယူသွားဖို့လည်း လုပ်ဆောင်နေပါတယ်။ အရင်တုန်းကတော့ အခုလိုဖြစ်စဥ်တွေ ဖြစ်ခဲ့တာမရှိပါဘူး” လို့ DVB ကို ပြောပါတယ်။
ရေစကြိုမြို့နယ် ပကဖ ဟာ တော်လှန်ရေးအတွက် ပါဝင်လှူဒါန်းကြသူတွေကိုလည်း သေချာစိစစ်ပြီးမှ အလှူငွေလက်ခံနေတာလို့ ဆိုပါတယ်။
အခုနှစ် နှစ်စပိုင်းလောက်ကလည်း မကွေးတိုင်းအတွင်းက မကွေး၊ တောင်တွင်းကြီး၊ နတ်မောက်မြို့နယ်တွေမှာလည်း အလားတူဖြစ်စဥ်တွေ ဖြစ်ပွားခဲ့ပါသေးတယ်။


