
မြန်မာနိုင်ငံရဲ့တောင်ဘက် ပင်လယ်ထဲက အိန္ဒိယနိုင်ငံ၊ နီကိုဘားကျွန်းနားမှာ နိုဝင်ဘာ ၉ ရက် ဒီနေ့ နေ့လယ်ပိုင်းက ရစ်ချ်တာစကေး ၅ ဒသမ ၈ ရှိတဲ့ ငလျင်တခု လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီ ၈ မိနစ်လောက်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရဲ့တောင်ဘက် ၄၈၅ ကီလိုမီတာအကွာ၊ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်အတွင်း၊ အက်ဒမန်နဲ့ နီကိုဘားကျွန်းစုတွေအနီးမှာ မြေအောက်အနက် ၁၃၃ ကီလိုမီတာကိုဗဟိုပြုလို့ ရစ်ချ်တာစကေး ၅ ဒသမ ၈ အဆင့် အင်အားအတော်အသင့်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မြေငလျင်တိုင်းတာစက်တွေကသုံးတဲ့ စကေးနဲ့ တိုင်းတာတဲ့ နည်းလမ်းတို့အပေါ်မူတည်ပြီးတော့ ငလျင်အင်အားပမာဏ နည်းနည်းကွာနိုင်တယ်လို့လည်း ဆိုပါတယ်။
အိန္ဒိယ အမျိုးသားမြေငလျင်ဗဟိုဌာန (NCS) ကတော့ ဒေသစံတော်ချိန် ၁၂ နာရီ ၆ မိနစ်မှာ အနက် ၉၀ ကီလိုမီတာမှာ ပြင်းအား ၅ ဒသမ ၄ နဲ့ လှုပ်ခတ်တယ်လို့ဆိုပြီး ဂျာမန် ဘူမိသိပ္ပံ သုတေသနဌာနကတော့ အနက် ၁၀ ကီလိုမီတာမှာ ပြင်းအား ၆ ဒသမ ၀၇ နဲ့လှုပ်ခတ်တယ်လို့ ဆိုပါတယ်။


