Home
အနုပညာ
ဖျော်ဖြေပွဲ၌ ညစ်ညမ်းစကားပြောသည့် အဆိုတော်နှင့်ပွဲစီစဉ်သူ အပါအဝင် ၁၆ ဦးကို ဖမ်းဆီး
DVB
·
November 9, 2025

ရန်ကုန်က ဖျော်ဖြေပွဲမှာ ညစ်ညမ်းစကားတွေ ပြောဆိုခဲ့တဲ့ အဆိုတော်အပါအဝင် ပွဲစီစဉ်သူ၊ သီဆိုကခုန်သူတွေနဲ့ ဗွီဒီယိုရိုက်ကူးသူတွေကိုပါ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက နိုဝင်ဘာ ၈ ရက် ညမှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂ ရက် ညပိုင်းက ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ Eastern Yangon Event Park မှာလုပ်တဲ့ Overflow Music Festival ဖျော်ဖြေပွဲမှာ အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလ နဲ့ Bkho Bain (ခ) သိန်းမင်းထိုက်တို့ ဦးဆောင်တဲ့အဖွဲ့က ညစ်ညမ်းတဲ့စကားတွေ ပြောဆိုပြီး ပရိသတ်ထဲကိုလည်း ကွန်ဒုံးတွေ ဖြန့်ကြဲခဲ့တဲ့ ဗွီဒီယိုမှာ လူမှုကွန်ရက်မှာ ဝေဖန်ခံခဲ့ရတာပါ။

သူတို့ ဖျော်ဖြေနေတုန်းမှာ နောက်ထပ် ၁၃ ယောက်လောက်က စင်ပေါ်တက် ကခုန်တာ၊ ဗွီဒီယိုရိုက်ကူးတာတွေ လုပ်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သီဆိုဖျော်ဖြေရာမှာပါတဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့သစ်(က)ရပ်ကွက်နေ It's Phyo (ခ) ဖြိုးသန့်အောင်(ခ)ကိုဖြိုး (၂၈ နှစ်)ကို နိုဝင်ဘာ ၅ ရက်နေ့က ရန်ကုန်၊ ရန်ကင်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပြီး သူ့ရဲ့ဖော်ထုတ်ချက်အရ စတိတ်စင်ပေါ်မှာ သီဆိုကခုန်ခဲ့တဲ့ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ပြည့်စုံထွန်း(ခ)စိုင်းမွမ်းဖ (၂၇ နှစ်)ကိုလည်း အဲဒီနေ့မှာပဲ သုဝဏ္ဏနယ်မြေ ရဲစခန်းကို ချိတ်ဆက်ခေါ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်နေ သက်လှိုင်ဝင်း(ခ)ကိုသက် (၂၉ နှစ်)၊ ချမ်းမြသာစည်မြို့နယ် နေကြသူတွေဖြစ်တဲ့ အာကာဖြိုး(ခ)အာကြီး (၂၇ နှစ်)၊ မင်းမော်ထွန်း(ခ) မော်ကြီး (၂၇ နှစ်)၊ ဟိန်းလွင်ထွန်း(ခ)ဖိုးထန်း (၁၆ နှစ်)၊ စိုင်းအောင်ခေး (၂၅ နှစ်)တို့ကို နိုဝင်ဘာ ၅ ရက်ညမှာ သူတို့ရဲ့အိမ်တွေကနေ ဖမ်းဆီးခဲ့ပြီး ရန်ကုန်၊ မရမ်းကုန်းမြို့နယ်နေ ဝေလင်းအောင် (၂၂ နှစ်)ကို အဲဒီနေ့ညမှာ သုဝဏ္ဏနယ်မြေရဲစခန်းကို ချိတ်ဆက်ခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။

ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်နေသူတွေဖြစ်တဲ့ အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလ၊ ပြည့်ဇော်အောင်(ခ)Pause (၂၃ နှစ်)နဲ့ ထိုက်အောင်ကျော်မြတ်(ခ) ဗြဲကြီး (၂၁ နှစ်)တို့ကိုလည်း နိုဝင်ဘာ ၆ ရက်မွန်းလွဲပိုင်းမှာ သုဝဏ္ဏနယ်မြေရဲစခန်းဆီကို ချိတ်ဆက်ခေါ်ယူခဲ့ပြီး ချမ်းအေးသာစံမြို့နယ်နေ အဆိုတော် Bkho Bain (ခ) သိန်းမင်းထက် (၂၉ နှစ်)နဲ့ ရန်ကင်းမြို့နယ်နေ လင်းလင်းထွန်း(ခ)လင်းထွန်း (၂၃ နှစ်)တို့ကတော့ သုဝဏ္ဏနယ်မြေရဲစခန်းမှာ လာရောက်အဖမ်းခံတာကြောင့် အသီးသီးအမှုနဲ့ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီပွဲကို စမ်းချောင်းမြို့နယ်နေ မတင်ရတနာသိမ့် (၂၈ နှစ်)၊ မရမ်းကုန်းမြို့နယ်နေ ဟန်လင်းထက် (၂၇ နှစ်)နဲ့ သင်္ဃန်းကျွန်းမြို့နယ်နေ အောင်ခန့်မော်(ခ)ဂျပန်ကြီး (၂၉ နှစ်)တို့က စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

သူတို့ ၁၆ ယောက်ကို အများပြည်သူ စိုးရိမ်ထိတ်လန့်စေတဲ့ ပုဒ်မ၊ တခြားသူတွေ စိတ်ငြိုငြင်အောင် ပြောဆိုတဲ့ပုဒ်မ၊ အားပေးကူညီမှုပုဒ်မတွေ ဖြစ်တဲ့ ၅၀၅-က/၂၉၄/၁၁၄ အရ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013