
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေဟာ အမှန်တရားကို လက်ခံနိုင်ခြင်းမရှိတဲ့ သိမ်ငယ်စိတ်တဲ့ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု အားလုံးကို စိတ်ပေါ့သွပ်သူတယောက်လို လိုက်လံပိတ်ပင် ထိန်းချုပ်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၄ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ “သတင်းအချက်အလက်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ” ခေါင်းစဉ်အောက်ကနေ နိုင်ငံ ၅၀ ကျော်က ကိုယ်စားလှယ်တွေ အထွေထွေဆွေးနွေးမှုပြုလုပ်ရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့တာပါ။
အကြမ်းဖက်စစ်အုပ်စုဟာ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို အင်တာနက်ဖြတ်တောက်မှုနဲ့ ဆင်ဆာ ဖြတ်တောက်မှုတွေက တဆင့်သာမက အွန်လိုင်းပေါ်မှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ကာ ဖိနှိပ်မှုတွေလုပ်နေပြီး မကြာသေးမီ ရက်ပိုင်းအတွင်းက အနုပညာရှင်တွေ၊ ရုပ်ရှင် ဒါရိုက်တာတွေနဲ့ ထင်ပေါ် ကျော်ကြားသူတွေကို အတုအယောင် ရွေးကောက်ပွဲအား ဝေဖန်တဲ့ပို့စ်တွေမှာ "like" နဲ့ "heart" reaction တွေပေးခဲ့ရုံမျှနဲ့ မတရား ဖမ်းဆီးခံခဲ့ရတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
စစ်ကောင်စီဟာ တရားမဝင် အာဏာသိမ်းချိန်ကစပြီး သူတို့အပေါ် ဆန့်ကျင်သံတွေကို ဖိနှိပ်ဖို့နဲ့ သတင်းအချက်အလက်တွေကို သူတို့အကျိုးအတွက် လိမ်လည်ဖို့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေကို စနစ်တကျ လက်နက်သဖွယ် အသုံးပြုနေတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို အများဆုံး မတရားဖမ်းဆီးမှုအဆိုးဆုံး နိုင်ငံတွေထဲက တနိုင်ငံဖြစ်လာပြီး လွတ်လပ်တဲ့ သတင်းမီဒီယာတွေ နိုင်ငံပြင်ပသို့ ထွက်ပြေးတိမ်းရှောင်ရတာ၊ လုံးဝရပ်နား ပိတ်သိမ်းတာတွေလုပ်ခဲ့ပြီး နိုင်ငံအတွင်း ဆက်လက်လုပ်ကိုင်တဲ့ မီဒီယာတွေဟာလည်း တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်မှာ အကြမ်းဖက်စစ်အုပ်စုက သဘောမတူတဲ့ ဘယ်စကားလုံးအသုံးအနှုန်း၊ ဝေါဟာရကိုမဆို အသုံးပြုခြင်း မပြုဖို့ တားမြစ်ခံထားရပါတယ်။
ဒါ့အပြင် Facebook နဲ့ Telegram လို လူမှုကွန်ရက်ပလက်ဖောင်းတွေကို စောင့်ကြည့် ခြိမ်းခြောက်ရေး ကိရိယာအဖြစ် ပြောင်းလဲအသုံးပြုကာ အသုံးပြုသူတွေကို စောင့်ကြည့်တာ၊ တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံတာနဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို လိမ်ညာဖုံးဖိဖို့နဲ့ ဒီမိုကရေစီခုခံတွန်းလှန်မှုတွေကို ပျက်ပြားစေရေး သတင်းမှား ဖြန့်ဝေရေးလုပ်ဆောင်နေတယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှု ပျက်သုဉ်းနေတာ၊ သတင်းအချက်အလက် စီးဆင်းမှုတွေ ဆိုးရွားစွာ ကန့်သတ်ထားတာ၊ အချိန်နဲ့အမျှ ကြောက်ရွံ့စွာ ပြည်သူတွေ နေထိုင်နေရတာတွေဟာ စစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲ တရားမျှတမှု၊ လွတ်လပ်မှု လုံးဝရှိမှာမဟုတ်ကြောင်း ဖော်ပြနေတဲ့အချက်ဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံရှိ သတင်းအချက်အလက် ဖိနှိပ်မှုရဲ့ အရင်းခံအကြောင်းတရားတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ကျူးလွန်သူတွေကို တာဝန်ခံစေဖို့ အတုအယောင် အလိမ်အလည်ရွေးကောက်ပွဲကို ပယ်ချဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အခုအချိန်အထိ သတင်းသမားပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ ၅၀ ကျော်က ဥပဒေမဲ့ ဖမ်းဆီးအကျဉ်းချခံထားပြီး တချို့ သတင်းထောက်တွေကတော့ စစ်တပ်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအထိ လူမှုကွန်ရက်တွေပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသားပြောဆိုမှုတွေကြောင့် ဖမ်းဆီးခံရသူ အယောက် ၂၀၀၀ နီးပါးရှိတယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၉ ရက်အထိ ရွေးကောက်ပွဲ အကာအကွယ်ပေးရေး ဥပဒေအရ အရေးယူခဲ့ရသူ ၈၈ ယောက်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။


