Home
မြန်မာသတင်း
တနင်္သာရီစစ်ရှောင်ပြည်သူများ အရေးပေါ် ဆေးဝါးနှင့် စားနပ်ရိက္ခာ လိုအပ်နေ
DVB
·
November 5, 2025

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအုပ်စုထဲမှာ တိုက်ပွဲဖြစ်ပြီး ကျေးရွာ ၄ ရွာက ဒေသခံပြည်သူတွေ စစ်ဘေးရှောင်နေရတာကြောင့် အရေးပေါ်ဆေးဝါးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်ကူညီအဖွဲ့နဲ့ ဒေသခံပြည်သူတွေက ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဇဝဲကျေးရွာအုပ်စု၊ လေးမိုင်ရွာအနီး စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားတဲ့ အနီးတဝိုက်ရှိ လေးမိုင်၊ ဒူးကြိုး၊ ရေခမ်းချောင်းနဲ့ ဖာနီကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံပြည်သူတွေ နီးစပ်ရာ တောတောင်နဲ့ ကျေးရွာတွေမှာ ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရပါတယ်။

လတ်တလောမှာ အရေးပေါ်စစ်ဘေးရှောင်လာရတဲ့အတွက် စားနပ်ရိက္ခာတွေအပြင် သက်ကြီးရွယ်အိုနဲ့ လူနာတွေအတွက် ဆေးဝါးပစ္စည်းတွေ လိုအပ်နေတယ်လို့ နွေဦးမေတ္တာ စစ်‌ဘေးရှောင်အဖွဲ့ဝင်တယောက်က ပြောပါတယ်။

“လက်ရှိ ရရှိထားတဲ့ စာရင်းအရဆိုရင် စစ်ရှောင် ၃၀၀ ကျော်‌လောက်ကို စားနပ်ရိက္ခာတွေ ဝေခဲ့ပြီးပါပြီ။ သူတို့ရဲ့ လိုအပ်ချက်က စားနပ်ရိက္ခာ၊ အဝတ်အထည်တွေ၊ ကျန်းမာရေးဆေးဝါးတွေပါ။ နေထိုင်ဖို့ကျတော့ နီးစပ်ရာအဆောက်အအုံမှာ အားလုံး အဆင်ပြေအောင် လုပ်ပေးနိုင်ပါတယ်။ အဓိက ကျန်းမာရေးဆေးဝါးတွေ လိုအပ်တယ်။ သူတို့အတွက် အဝတ်အထည်တွေကိုတော့ ရပ်ရွာမှာရှိတဲ့ အသိမိတ်ဆွေတွေဆီက အလှူခံပြီးတော့ ပေးထားတာ ရှိပါတယ်။ တော်တော်များများက မပြည့်စုံပါဘူး၊ အဆင်ပြေအောင်တော့ လုပ်ပေးထားပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခြေအနေအရ ဆေးဝါးတွေလည်း သယ်ယူဖို့ အခက်အခဲရှိပါတယ်။ ဒေသမှာရှိတဲ့ ဆေးဝါးဆိုင်တွေမှာပဲ ရသလောက်ရှာဖွေပြီးတော့ ကုသပေးနေပါတယ်ခင်ဗျာ။”

အောက်တိုဘာ ၂၈ ရက်မှာ လေးမိုင်ကျေးရွာရှိ လူနေအိမ် ၃ ဆောင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်တွေရှိ ပြည်သူပိုင်ပစ္စည်းတွေကို ကားတွေပေါ် တင်ဆောင်ကာ ဇဝဲအခြေစိုက် ခမရ ၅၅၆ တပ်ရင်းကို သယ်ဆောင်နေတယ်လို့ ဒေသခံပြည်သူတယောက်က ပြောပါတယ်။

“သူတို့က ခိုင်မာတဲ့ တိုက်အိမ်တွေထဲ ဝင်နေကြတယ်။ ပြီးရင် အိမ်တွေကို မွှေနှောက်ပြီးတော့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ယူပြီး ဆိုင်ကယ်တွေကိုယူပြီး ကားတွေနဲ့ ၅၅၆ တပ်ရင်းကို တင်ဆောင်သွားကြတယ်။ တောရွာဒေသတွေဖြစ်တော့ ၂၄ နာရီ လျှပ်စစ်မီး မရှိတဲ့အတွက် အိမ်တိုင်းမှာ ဆိုလာပြားနဲ့ ဘက်ထရီတွေ ရှိကြတယ်။ ဒါတွေအစ ဖြုတ်ယူကုန်ပြီ။ စကစတွေ ကင်းစင်သွားရင်တောင်မှ ရွာကိုသွားဖို့ အခက်အခဲရှိတယ်။ ဘာဖြစ်ဆိုရင် ဒီကောင်တွေက ၅၅၆ ကနေ လက်နက်ကြီးပစ်လို့မီတဲ့ နေရာတွေ ဖြစ်တယ်၊ မကြာမကြာ အမြဲပစ်လေ့ရှိတယ်။ ဒီဘက်မှာ လူတွေကင်းစင်တဲ့ရွာတွေ ဖြစ်ကုန်ပြီ။ အိမ်တွေလည်း မီးရှို့၊ ပစ္စည်းတွေယူ၊ ဖျက်ဆီးတော့ ရွာပျက်ကြီး ဖြစ်သွားပြီပေါ့။”

လက်ရှိ စစ်ရေးတင်းမာနေတဲ့ လေးမိုင်၊ ဒူးကြိုးကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်စလုံးက ခံစစ်ပြင်ဆင်ပြီး ခြေကုပ်ယူထားတယ်လို့ သိရကာ ထိတွေ့တိုက်ပွဲတွေ အချိန်မရွေး ဖြစ်သွားနိုင်သလို စစ်ရေးအချိန်ကြာ တင်းမာနိုင်တယ်လို့ မြေပြင်ရှိ ဗိုလ်ခရင်းတပ်ဖွဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

“စကစဘက်က လေးမိုင်၊ ဒူးကြိုးဘက်မှာ စစ်ရေးလှုပ်ရှားမှု ရှိတယ်။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေလည်း ရှိတယ်။ နှစ်ဖက်လုံးက တိုးလာတာ မရှိဘူး။ ခံစစ်သဘောနဲ့ နေကြတယ်။ စကစဘက်ကို ကျနော်တို့ဘက်က ပစ်ခတ်တာရှိသလို သူတို့ဘက်က ဒရုန်း၊ လက်နက်ကြီးတွေ ပစ်ခတ်တာရှိတယ်။ အခု သူတို့ဘက်က မတိုးလည်း မတိုးဘူး။ သူတို့ဘက်က မတိုးရင် ကိုယ့်ဘက်က တိုးဖို့ရှိတယ်။ ပြည်သူတွေအနေနဲ့ ရွာထဲမှာ ပြန်နေဖို့ အဆင်မပြေဘူး။ စစ်ရေးက တော်တော်တင်းမာဖို့ရှိတယ်။ စကစဘက်က လုံးဝပြန်မထွက်ဘဲ လေးမိုင်၊ ရေခမ်းချောင်းဘက်မှာ ခြေကုပ်ယူထားတယ်။”

အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကြား အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့ပြီး အသက် ၃၀ ဝန်းကျင်အရွယ် ဒူးကြိုးကျေးရွာနေ ပြည်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ကောက်ယူထားတဲ့စာရင်းအရ အောက်တိုဘာ ၂၇ ရက်ကနေ ၂၉ ရက်အထိ ဖာနီ၊ ဒူးကြိုးနဲ့ ရေခမ်းချောင်းရွာတို့ကနေ ထွက်ပြေးလာတဲ့ အိမ်ထောင်စု ၈၆ စုနဲ့ လူဦးရေ ၃၄၂ ယောက်ရှိပြီး လေးမိုင်ကျေးရွာက စစ်ဘေးရှောင်စာရင်းကိုတော့ မကောက်ယူထားရသေးဘူးလို့ စစ်ရှောင်ကူညီနေသူတယောက်က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013