Home
မြန်မာသတင်း
တနင်္သာရီစစ်ရှောင် ၁ သောင်းကျော် ဆေးဝါးနှင့်စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
DVB
·
April 9, 2023
340450956_253816020431924_262824194938375988_n

စစ်အုပ်ချုပ်ရေး‌ကြေညာထားတဲ့ တနင်္သာမြို့နယ်မှာ  မတ်လအလယ်လောက်ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးတဲ့ ဒေသခံ ၁ သောင်းကျော် စစ်ရှောင်ကြရပြီး ဆေးဝါးနဲ့စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ နွေဦးမေတ္တာ-စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဧပြီ ၈ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ အမှတ် ၃၀၆ အမြောက်တပ်က မော်တုံး ကျေးရွာအနောက်ကမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ၁၂ နစ်အရွယ် ယောက်ျားလေး ၁ ဦး နဲ့ ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦးတို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"လက်နက်ကြီး ၁ဝ ချက်ကျော်လောက်ပစ်တယ်။ ထိခိုက်တဲ့ရွာသားတွေမှာ ကလေးတွေ အများစု ထိမှန်တာပါ။ အဲ့ဒီထဲက ကလေး ၂ ယောက်ကတော့ ဒဏ်ရာပြင်းထန်ရတယ်။ လက်ရှိတော့ ရွာမှာပဲ ကုသပေးထားပါတယ်။"

ဧပြီ ၆ ရက်ကလည်း  ထုံမခါကျေးရွာကို စစ်တပ်က‌ လက်နက်ကြီးနဲ့ ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

မတ် ၁၉ ရက်လောက်က ဘန်းလမွတ်နဲ့ တကူကျေးရွာတို့မှာ စစ်ကောင်စီက စစ်ကြောင်း ထိုးလာတဲ့အတွက် ဒေသခံ ၈ဝဝ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မတ် ၂၈ ရက်မှာလည်း ချောင်းနစ်ပေါက်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားတာကြောင့်  ဒေသခံအားလုံး ထွက်ပြေး ခဲ့ရတယ်လို့ ဆိုပါတယ်။

ဧပြီ ၁ ရက်မှာ ရေဖြူ ဗျူဟာကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတို့ တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်စစ်ရေး အရှိန်မြင့်တက်လာကာ လက်ရှိအခြေအနေအရ တနင်္သာရီမြို့နယ်ထဲက ကျေးရွာ အုပ်စု ၅ ခုမှ ဒေသခံစစ်ဘေးရှောင်ဦးရေ မြင့်တက်လာတယ်လို့ သိရပါတယ်။

ဒေသခံတဦးက "လက်ရှိတော့ ဘန်းလမွတ်ကျေးရွာနဲ့ ရမ်းဖိုရွာတွေက ရှောင်နေရတယ်။ စာရင်းကတော့ လုပ်နေတုန်းပါပဲ။ တချို့ကလည်း ဥယာဥ်ခြံတွေထဲမှာ ခိုအောင်းနေတုန်းပဲ။ အခြေအနေငြိမ်ရင်တောင် ရွာပြန်ဖို့ ခက်မယ်ထင်တယ်" လို့ ပြောပါတယ်။ 

ဒါအပြင် ဒေသခံစစ်ဘေးရှောင်တွေမှာ နီးစပ်ရာကျေးရွာအုပ်စုတွေကို တိမ်းရှောင်နေကြရတာ‌ ကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးထောက်ပံ့အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ အိမ်ထောင်စုပေါင်း ၁,၅၀၀ ကျော်က လူဦးရေ ၈,၀၀၀ နီးပါးရှိပြီး အသက် ၁ နှစ်အောက်ကလေးငယ် ၄၀၀ နီးပါး၊ အသက် ၁ နှစ်နဲ့ ၅ နှစ်ကြားကလေးငယ် ၈၀၀ လောက် ပါဝင်ကာ လက်လှမ်းမမီတဲ့ နေရာတွေလည်း ရှိတဲ့အတွက် မြေပြင်ဒေသတွေမှာ လက်ရှိလူဦးရေထက် ပိုများနိုင်ပါတယ်လို့ နွေဦးမေတ္တာ-စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013