Home
မြန်မာသတင်း
နေရပ်ပြန် တိုရွာစစ်ရှောင်အချို့ ပလရဲစခန်းရှေ့ ဖြတ်သန်းခွင့်မရ၊ တနင်္သာရီစစ်ရှောင်များ စားနပ် ရိက္ခာ အကူညီလိုအပ်
DVB
·
January 7, 2023
323882130_696431915292217_4558087406150774007_n

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပလမြို့အနီးရှိ တိုကျေးရွာတွင် နေရပ်ပြန် စစ်ရှောင်တချို့ကို ပလမြို့ရဲစခန်းအရှေ့ရှိ စစ်ဆေးရေးဂိတ်က ဖြတ်သန်းသွားလာခွင့် မပေးတာကြောင့် အခက်အခဲ ကြုံနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်က တိုကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ် မီးရှိုခံရတာကြောင့် ဒေသခံ အများအပြားထွက်ပြေးတိမ်ရှောင်ခဲ့ကြရာ် အခုရက်တွေမှာ တချို့နေရပ် ပြန်လာနေကြပေမဲ့ ပလမြို့ရဲစခန်းရှေ့ရှိ စစ်ဆေးရေးဂိတ်က ဖြတ်သွားခွင့်မပေးဘူးလို့  ဒေသခံတဦးက ပြောပါတယ်။

"ပလဂိတ်ကို ဖြတ်တာ တိုရွာ ကလို့ ပြောရင် ပေးမဖြတ်တာတွေရှိတယ်။ မီးလောင်တဲ့ထဲ ပါသွား တဲ့ အိမ်တွေကို သွား‌ကြည့်မယ်ဆိုတာတောင် ပေးမဖြတ်ဘူး ပြောတယ်။ လက်မှတ်ထိုးပြီး မှတ်ပုံတင် ပြရတာတွေပါ လုပ်ရတယ်၊‌ တော်တော်များများ ဖြတ်သွားခွင့် မရကြဘူး။”

အခုရက်ပိုင်းအတွင်း ပလမြို့စစ်ဆေးရေးဂိတ်က ပြန်လည်ဖြတ်သန်းခွင့်ပြုလိုက်ပေမဲ့ ဒေသခံအများစု ဖြတ်သန်းသွားလာ‌ မရဲတာတွေရှိနေသလို့ တချို့ကတော့ တခြားလမ်းကြောင်း ကနေ သွားနေကြတယ်လို့ သိရပါတယ်။

တိုကျေးရွာမှာ မီးရှိုဖျက်ဆီးခံရတဲ့ နေအိမ် ၂၀ ကျော်ရှိပြီး ထွက်ပြေးနေရတဲ့ ဒေသခံ ၅၀၀ ထဲက တချို့ ပြန်လာနေကြပါပြီ။

အလားတူ မြိတ်ခရိုင်ထဲက တနင်္သာရီမြို့နယ်မှာ ဇန်နဝါရီ ၁ ရက်က နှစ်ဖက်တိုက်ပွဲဖြစ်လို့ ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ဒေသခံ ၁၅၀၀ နီးပါး နေရပ်ပြန်ကြကာ တချို့မှာ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ကူညီပေးနေသူ တဦးက “ရွာတော်တော်များများမှ ဒေသခံတွေက ရွာကို ပြန်နေကြပြီ။ သူတို့အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်”လို့ ပြောပါတယ်။

ညောင်ပင်ကွင်း၊ ခြောက်မိုင်၊ ဘန်လော၊ သမီးလှ၊ ကော်တော၊ ကျောက်စရစ်နဲ့ တကူရွာမှ စစ်ရှောင်တွေက ရွာတွေကို ပြန်နေကြပြီလို့ သိရပါတယ်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တဦးက  “တိုက်ပွဲဖြစ်လာရင် စကစတပ်က အရပ်သားတွေကို လူသားဒိုင်း အသုံးပြုတာတွေ၊ နေအိမ်မီးရှို့တာတွေ၊ အသုံးပြုတာတွေ၊ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာတွေ အမြဲလုပ်တယ်။ ဒါကြောင့်တိုက်ပွဲဖြစ်လာရင် ဘေးလွတ်နေရာတွေမှာ လုံခြုံအောင် နေကြဖို့ ပြည်သူတွေကို သတိပေး မေတ္တာရပ်ခံတယ်”လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၁ ရက်တွေမှာ ကဒဲလိပ်ကျေးရွာလမ်းပိုင်း၊ ဗောဓိကမ်းတံတားနဲ့ ဘန်လောကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲက ၁ ဦး သေဆုံးတယ်လို သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013