ဒီကနေ့ ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ မိုးလုံးပြည့်မဲမှောင်နေတဲ့ကြားက ရွှေတိဂုံစေတီ တော်ကို ဘုရားဖူးပြည်သူတွေ တဖွဲဖွဲလာရောက်ခဲ့ ကြပါတယ်။
အရင်လပြည့်နေ့တွေတုန်းက ဘုရားဖူးပြည်သူတွေဟာ မနက်အစောပိုင်းမှာ ဘုရားကို တပြိုင်နက် တက်ရောက်လေ့ရှိကြပေမဲ့ ဒီကနေ့မှာတော့ ရာသီဥတုမကောင်းတာကြောင့် မနက် ၁၁ နာရီလောက်မှာ တဖွဲဖွဲတက်ရောက်ကြတာ ဖြစ်ပါတယ်။
ဘုရားဖူးပြည်သူတွေဟာ ကထိန်သင်္ဃန်းနောက်ဆုံးကပ်လှူကြတဲ့နေ့၊ မသိုးသင်္ဃန်းယက်လုပ် ပူဇော်ကြတဲ့နေ့၊ ရဟန်းပြုရာအကျိုးဖြစ်တဲ့ သာမညဖလသုတ်တော်ကိုဟောကြားတော်မူတဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ မိုးလုံးပြည့် အဆက်မပြတ်ရွာသွန်း နေတဲ့ကြားက ဘုရားဖူးလာရောက်ကြပြီး နိုင်ငံတည်ငြိမ်အေးချမ်းပါစေကြောင်း ဆုတောင်းခဲ့ကြ ပါတယ်။
ဗုဒ္ဓဘာသာဝင်တို့အတွက် တန်ဆောင်မုန်းလပြည့်နေ့ဟာ မြတ်စွာဘုရားရှင်ကို ဆီမီးပူဇော်ကြတဲ့ နေ့ထူးနေ့မြတ်ဖြစ်သလို ကထိန်သင်္ဃန်း ကပ်လှူတဲ့ နေ့ထူးနေ့မြတ်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် တန်ဆောင်မုန်းလပြည့်နေ့ဟာ မသိုးသင်္ဃန်းရက်လုပ်လှူဒါန်းတဲ့နေ့ ဖြစ်သလို မြတ်စွာဘုရားရှင်က အဇာတသတ်မင်းနဲ့ ပရိသတ်တွေကို ရဟန်းပြုရတဲ့ကောင်းကျိုးတွေ သာမညဖလသုတ်တော်ကို တန်ဆောင်မုန်းလပြည့်နေ့ညမှာ ဟောကြားတော်မူခဲ့တာဖြစ်လို့ သာမညဖလအခါတော်နေ့လို့လည်း ခေါ်ဆိုကြပါတယ်။
ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာတော့ လေဖိအားနည်းရပ်ဝန်းနဲ့ တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း KALMAEGI အကြွင်းအကျန်တွေကြောင့် ရန်ကုန်တိုင်းအပါအဝင်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ မိုးရေချိန် ၅ လက်မမှ ၇ လက်မအထက်ထိ မိုးရွာသွန်းနိုင်တယ်လို့ အရပ်ဘက်မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ထုတ်ပြန်ထားပါတယ်။
Photo: DVB




















