
ပြောင်းဈေးကျနေတာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က ပြောင်းစိုက်တောင်သူတွေ အခက်ကြုံကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတောင်သူတယောက်က “ပြောင်းမျိုးက ဈေးအရမ်းကြီးတဲ့ဟာ ဝယ်စိုက်တာ၊ ဈေးလျော့သွားလို့ ပြောင်းစိုက်တောင်သူတွေ ရှုံးမယ့်ကိန်းဆိုက်နေတယ်။ မျိုးတထုပ် ၂ သိန်း ကျော်ကျော်နဲ့ ဝယ်စိုက်ရတယ်” လို့ ပြောပါတယ်။
ပြောင်းဈေးဟာ အရင်နှစ် ၂၀၂၄ က တပိဿာကို ၁,၄၀၀ ကျပ်ရှိရာကနေ ဒီနှစ်မှာတော့ ၁,၂၀၀ ကျပ်နဲ့ ၁,၂၈၀ ကျပ် ကြားအထိ ကျဆင်းသွားတယ်လို့ သူက ပြောပါတယ်။
ဒေသခံတောင်သူနောက်တယောက်က “မကိုက်ဘူး။ ဒီနှစ် ငါတို့တောင်သူတွေ ရှုံးတယ်။ ရှုံးတဲ့သူတွေများတယ်။ ပြောင်းကတပိဿာ ကျပ် ၁,၂၀၀ တဲ့” လို့ ပြောပါတယ်။
ထယ်ထိုးခ၊ မျိုးစေ့၊ မြေဩဇာ၊ လုပ်သားခ စသဖြင့် စိုက်ပျိုးစရိတ်ဟာ တဧကကို ကျပ် ၁၀ သိန်းကျော် ကုန်ကျပြီး မြေငှားရတဲ့သူတွေကတော့ တဧကကို ကျပ် ၂ သိန်း ပေးရကြောင်း၊ နောက်ထပ် ပြောင်းခြွေခ၊ သယ်ယူခ၊ လမ်းကြေး စတဲ့ အပိုကုန်ကျစရိတ်တွေကလည်း ရှိသေးတယ်လို့ သူက ပြောပါတယ်။
“ခုက ဒီနှစ် မိုးတအားများတော့ ပြောင်းဖူးက ဒီလောက်မထွက်ဘူး။ ကုန်ချိန် ၇၀၀၊ ၈၀၀ ဝန်းကျင် လောက်ပဲ ထွက်တာ” လို့ သူကဆက်ပြောပါတယ်။
တဧကကို ကုန်ချိန် ပိဿာ ၁,၀၀၀ ထွက်မှ လက်ရှိဈေးနဲ့ဆိုရင် ကျပ် ၁၂ သိန်းခွဲရမှာဖြစ်ပြီး မိုးများလို့ ပြောင်းအထွက်နှုန်းကျဆင်းသလို ကုန်ကျစရိတ်များတာကြောင့် တောင်သူအများစု ရှုံးကြရတယ်လို့ သူက ပြောပါတယ်။
ပြောင်းကို ဒေသခံတွေက စစ်ဘေးရှောင်ရင်းစိုက်ပျိုးကြရတာဖြစ်ပြီး ကားလမ်းမနဲ့နီးတဲ့ စိုက်ခင်းတွေကတော့ မစိုက်ပျိုးနိုင်တာတွေလည်း ရှိကြတယ်လို့ သိရပါတယ်။




