
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ကလေခိုကျေးရွာအုပ်စုမှာ အခု အောက်တိုဘာ ပထမပတ်မှာတင် စပါးခင်းတွေ ပိုးကျလို့ လယ်ဧက ၈၀၀ ကျော် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကလေခိုကျေးရွာအုပ်စုထဲက မုဆိုးမချောင်း၊ သောက်ရေခပ်ချောင်း၊ ဘမောင်ချောင်းဘေးနား တလျှောက်ရှိ လယ်ယာတွေ အကုန် စပါးဖျက်ပိုး (လောင်မီးပိုး) ကျပြီး စပါးပင် လောင်ကျွမ်း ပျက်စီးကုန်တယ်လို့ ပြောပါတယ်။
“စပါးပင်တွေရဲ့ အောက်ခြေဘက်ကနေစပြီး အရွက်တွေ စခြောက်တယ်။ ပြီးမှ တပင်လုံးဝါပြီး ပျက်စီးသွားတာ၊ ပိုးကျတာ အရမ်းဆိုးတယ်။ ဆေးဖျန်းတာလည်း မနိုင်တော့ဘူး။”
သဘာဝဘေးဒဏ်၊ ကပ်ဘေး၊ စစ်ဘေးဒဏ်တို့ကြောင့် တခြား၀င်ငွေမရှိဘဲ တောင်ယာ၊ လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်စားသောက်နေရတဲ့ အဲဒီဒေသက တောင်သူတွေအတွက် အငတ်ဘေး ဆိုက်ရောက်နိုင်တယ်လို့လည်း ပြောပါတယ်။
လိပ်သိုမြို့နယ်အရှေ့ဘက်၊ ကလေခိုကျေးရွာအုပ်စုဟာ မိုးရာသီမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ဆန်၊ ဆီ ကုန်ဈေးနှုန်းအမျိုးမျိုး ဈေးကြီးနေတယ်လို့ သိရပါတယ်။