
ဗင်နီဇွဲလား အာဏာပိုင်တွေဟာ CIA လုပ်ငန်းဆောင်တာဆိုင်ရာ လမ်းညွှန်စာအုပ်တွေကို ယူဆောင်လာတဲ့ လူပုဂ္ဂိုလ် ၃ ယောက်ကို ဖမ်းဆီးလိုက်ကြောင်း ဗင်နီဇွဲလားနိုင်ငံရဲ့ ပြည်ထဲရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးဝန်ကြီး ဒီယို့စ်ဒါးဒိုး ကာဘယ်လ်ယိုက အောက်တိုဘာ ၂၇ ရက်မှာ ကြေညာခဲ့ပြီး အဖမ်းဆီးခံရသူတွေဟာ သူတို့ရဲ့ဖုန်းတွေက အချက်အလက်တွေကို ဖျက်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ ဖုန်းတွေကို ရာဇဝတ်မှုဆိုင်ရာ သိပ္ပံခွဲခြမ်းစိတ်ဖြာမှုအရ ဗင်နီဇွဲလားအစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့တွေနဲ့ CIA တို့ ဆက်သွယ်မှုရှိနေတာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဗင်နီဇွဲလား ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ဝန်ကြီး ကာဘယ်လ်ယိုက “သူတို့တွေက သူတို့ဖုန်းက အချက်အလက်တွေကို ဖျက်ပစ်လိုက်ရင် အရာရာ ပျောက်ကွယ်သွားမယ်လို့ ထင်နေပုံရပြီး အဲဒီလိုလုပ်လို့ မရဘူး။ အဲဒီဖုန်းတွေက စကားပြောတယ်လေ။ သူတို့ ပြောထားတာတွေကို ကလောက်ဒ်ထဲကို ပို့လိုက်တယ်။ ကလောက်ဒ်ထဲမှာ တွေ့ရတာ တကယ့်ရွှေတွေပဲ။ CIA က ဗင်နီဇွဲလားကို မုန်းတီးတဲ့ ကဏ္ဍတွေနဲ့ ချိတ်ဆက်ထားတယ်” လို့ ပြောပါတယ်။
ဝန်ကြီး ကာဘယ်လ်ယိုဟာ ဗင်နီဇွဲလား ကမ်းရိုးတန်းရေပြင်အနီးမှာ အမေရိကန်ပြည်ထောင်စုနဲ့ ထရီနီဒက်နဲ့ တိုဘာဂိုတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဗင်နီဇွဲလားအပေါ် ‘ရန်စမှု’ အဖြစ်လည်း ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဗင်နီဇွဲလားအစိုးရဟာ နိုင်ငံကို ပစ်မှတ်ထားပြီး CIA က စီစဉ်တာလို့ အရာရှိတွေက ပြောကြတဲ့ “အယောင်ပြစစ်ဆင်ရေး” ကို ရှုတ်ချတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် မူဝါဒတွေနဲ့ ကိုက်ညီမှုနဲ့ပတ်သက်ပြီး ကရစ်ဘီယံနိုင်ငံ အိမ်နီးချင်းနိုင်ငံနဲ့ ဓာတ်ငွေ့သဘောတူညီချက်တွေကို ရပ်ဆိုင်းတော့မယ်လို့ ဒုသမ္မတ ဒယ်စီ ရိုဒရီဂွက်ဇ်က အစောပိုင်းမှာ ကြေညာခဲ့အပြီး ဗင်နီဇွဲလားနဲ့ ထရီနီဒက်နဲ့ တိုဘာဂို တို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ဒီစွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့တာပါ။
Source: Reuters




