
ရန်ကုန်တိုင်း တိုက်ကြိးမြို့နယ်မှာ အောက်တိုဘာ ၂၇ ရက် မနက်က ကထိန်သွားပို့ရင်း လမ်းမှာ ကထိန်ဝါးလုံးတိုင်နဲ့ ဓာတ်ကြိုးငြိမိကာ ဓာတ်လိုက်တာကြောင့် အမျိုးသား ၃ ယောက် ဆေးရုံတင်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကညင်စမ်းကျေးရွာမှ ဘုန်းကြီးကျောင်းကို ကထိန်ပို့ရင်း လမ်းမှာ ပဒေသာပင်မှ အထောင်ထုတ်ထားတဲ့ ဝါရိုးနဲ့ ဓာတ်ကြိုးခြစ်မိရာ မိပွားများကျလာပြီး အမျိုးသား ၃ ယောက်အပေါ် ကျခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“အပျော်ကနေ အပျက်ဖြစ်တယ်လို့ပဲ ပြောရမှာပေါ့။ လမ်းက ဓာတ်ကြိုးတွေကလည်း နိမ့်တော့ ပဒေသာပင်က အထောင်ထုတ်တဲ့ ဝါးရိုးနဲ့ဓာတ်ကြိုးခြစ်မိပြီး ခန္ဓာကိုယ်ပေါ်ကို မီးပွားတွေကျတာ၊ ဓာတ်လိုက်တဲ့သူလည်းရှိတယ်၊ ၃ ယောက် ဆေးရုံတင်လိုက်ရတယ်။”
ဓာတ်လိုက်ဒဏ်ရာရသူ ၃ ယောက်မှာ ကညင်စမ်းကျေးရွာသားတွေဖြစ်ပြီး ၂ ယောက်က ခန္ဓာကိုယ်အနှံ့နဲ့ တယောက်က လက်မှာ ဒဏ်ရာရခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“တိုက်ကြီးက ပဒေသာပင်တွေက လှူတဲ့သူ အရမ်းများတော့ အမြင့်ကြီးတွေ ဓာတ်ကြိုးနဲ့ငြိပြီး မီးပွားကျဓာတ်လိုက်လို့ ၃ ယောက် ဒဏ်ရာရတယ်၊ ၂ ယောက်က ဒဏ်ရာအတော်များတယ်။ တယောက်ကလက်ပဲထိတယ်၊ သေတော့မသေဘူး ၃ ယောက်လုံး ဆေးရုံမှာ။”
လတ်တလောမှာ ဒဏ်ရာရရှိသူ ၃ ယောက်စလုံး တိုက်ကြီးမြို့နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
တိုက်ကြီးမြို့နယ်မှာ ကထိန်ရာသီ ပဒေသာပင်တွေ ဘုန်းကြီးကျောင်းကို လှူဒါန်းသူပေါ်များပြီး အသံချဲ့စက်၊ ဆောင်းဘောက် အလွန်အကျွံဖွင့်တက်တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာ အစောပိုင်းကတည်းက မြို့နယ်ထွေအုပ်က အပြိုင်အဆိုင်မဖွင့်ဖို့ စည်းကမ်းတင်းကျပ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။




