
လာမယ့်ရွေးကောက်ပွဲအတွက် စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ကနေပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲအသုံးစရိတ်ကို တိုးမြှင့်ပြင်ဆင်ထားတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ တတိယအကြိမ် ပြင်ဆင်တဲ့ နည်းဥပဒေတွေကို အောက်တိုဘာ ၂၆ ရက်က ထုတ်ပြန်ပါတယ်။
ပြင်ဆင်လိုက်တဲ့ နည်းဥပဒေအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ နည်းဥပဒေ ၂၁ ပါ ငွေကျပ်သိန်း ၁၅၀ အစား ငွေကျပ်သိန်း ၃၀၀၊ ငွေကျပ်သိန်း ၃၀၀ အစား ငွေကျပ်သိန်း ၅၀၀ ဆိုပြီး အစားထိုး ပြင်ဆင်လိုက်ပါတယ်။
မူလနည်းဥပဒေ ၂၁ မှာ ပါတီတခုအနေနဲ့ အထွေထွေရွေးကောက်ပွဲမှာ ဖြစ်စေ၊ ကြားဖြတ်ရွေးကောက်ပွဲမှာ ဖြစ်စေ၊ ရွေးကောက်ပွဲ အသုံးစရိတ်ကို ပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်မယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတယောက်အတွက် ငွေကျပ်သိန်း ၁၅၀၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း တယောက်အတွက် ငွေကျပ်သိန်း ၃၀၀ သုံးစွဲနိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ပြင်ဆင်ပေးလိုက်တဲ့ နည်းဥပဒေအရ လာမယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲအသုံးစရိတ်အဖြစ် ငွေကျပ်သိန်း ၃၀၀၊ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ငွေကျပ်သိန်း ၅၀၀ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ ရွေးကောက်ပွဲအဖွဲ့ခွဲတွေမှာ တင်သွင်းရမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း မတင်သွင်းပါက ခုံအဖွဲ့ ဖွဲ့စစ်ဆေးကာ အရည်အချင်းပျက်ယွင်းသူတွေအဖြစ် ကြေညာခံရမှာလည်း ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။




