
အီကွေဒေါသမ္မတ ဒန်နီရယ် နိုဘိုအာက အများပြည်သူ ပွဲအခမ်းအနားတခုမှာ လက်ဆောင်အဖြစ်ရရှိခဲ့တဲ့ ယိုနဲ့ ချောကလက်တွေထဲမှာ အပြင်းစား ဓာတုဒြပ်ပေါင်း ၃ မျိုး ပါဝင်နေတာဟာ တစုံတယောက်က အဆိပ်ခတ်ဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက်မှာ စွပ်စွဲပြောကြားခဲ့ပါတယ်။
အဲဒီလောက် ပမာဏရှိတဲ့ ဓာတုပစ္စည်း ၃ မျိုး အတူပေါင်းစပ်တည်ရှိနေတာဟာ မတော်တဆလည်း မဖြစ်နိုင်သလို ထုပ်ပိုးမှုညစ်ညမ်းမှုကြောင့်လည်း ဖြစ်ပေါ်လာတာ မဟုတ်နိုင်ကြောင်း သမ္မတ နိုဘိုအာ က ပြောပါတယ်။
သူ့ရဲ့ စစ်ဘက်လုံခြုံရေးအဖွဲ့ဟာ အစိုးရရှေ့နေတွေဆီ ဓာတုဗေဒပါဝင်မှု အထောက်အထားတွေကို တင်ပြပြီး အမှုဖွင့်ခဲ့ပါတယ်။
နိုဘိုအာအစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတဲ့ ဌာနေတိုင်းရင်းသားတွေရဲ့ ဆန္ဒပြမှုတွေအကြားမှာပဲ အောက်တိုဘာလ အစောပိုင်းက ဆန္ဒပြသူတွေဟာ သူ့ရဲ့မော်တော်ယာဉ်တန်းကို ပစ်ခတ် လုပ်ကြံခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိ စွပ်စွဲချက်တခု ထွက်ခဲ့အပြီးမှာ ဒါဟာ ဒုတိယအကြိမ်မြောက် လုပ်ကြံသတ်ဖြတ်မှုဖြစ်ကြောင်း အစိုးရရဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။
အီကွေဒေါနိုင်ငံဟာ ဒီဇယ်ဆီထောက်ပံ့ကြေး ဖျက်သိမ်းလိုက်တာကြောင့် ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာ သမ္မတ နိုဘိုအာ ဟာ နိုဝင်ဘာ ၁၆ ရက် ဆန္ဒခံယူပွဲကနေတဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တံခါးဖွင့်ဖို့ ကြိုးပမ်းနေချိန်မှာပဲ အခုစွပ်စွဲချက်တွေ ထွက်ပေါ်လာတာပါ။
ဒီဖြစ်ရပ်တွေဟာ ဆန္ဒပြသူတွေကို အကြမ်းဖက်သူတွေအဖြစ် ပုံဖော်ဖို့နဲ့ အသက် ၃၇ နှစ်အရွယ် သမ္မတအတွက် နိုင်ငံရေးအကျိုးအမြတ်တွေ ရရှိထားစေဖို့ ရည်ရွယ်နေကြောင်း တချို့ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
Source:Reuters




