
အီကွေဒေါသမ္မတ ဒယ်နီယယ်နိုဘိုအာဟာ သူ့ရဲ့မော်တော်ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရပြီးနောက် သူ့အလုပ်တာဝန်တွေကို အတားအဆီးမရှိ ဆက်လုပ်သွားမယ်လို့ အောက်တိုဘာ ၈ ရက်က ဂွါယာကီးလ်မြို့မှာ ကျင်းပတဲ့ လူငယ်အခမ်းအနားတခုမှာ ပြောပါတယ်။
သမ္မတ နိုဘိုအာဟာ အောက်တိုဘာ ၇ ရက်က ကျေးလက်မြို့တမြို့ကို ဖြတ်ပြီး ခရီးသွားနေချိန် သူ့ရဲ့ယာဉ်တန်းကို ဆန္ဒပြသူတွေက ကျောက်ခဲတွေနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သမ္မတကတော့ ဒဏ်ရာမရရှိဘဲ လွတ်မြောက်ခဲ့ပါတယ်။ အစိုးရက အဲဒီဖြစ်ရပ်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုလို့ ခေါ်ဆိုခဲ့ပြီး လူ ၅ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
အောက်တိုဘာ ၈ ရက်က ဂွါယာကီးလ်မှာ ကျင်းပတဲ့ လူငယ်ပွဲတခုအတွင်းမှာ လုံခြုံရေးကို သိသိသာသာ တိုးမြှင့်ထားပြီး နိုဘိုအာက ခြိမ်းခြောက်မှုတွေကို ခံနိုင်ရည်ရှိဖို့ အရေးကြီးတယ် ဆိုတာကို အလေးပေး ပြောကြားခဲ့ပါတယ်။
အီကွေဒေါ တရားသူကြီးဟာ တိုက်ခိုက်မှုအပြီးမှာ ထိန်းသိမ်းခံထားရတဲ့ လူ ၅ ယောက်ကို ပြန်လွှတ်ပေးလိုက်ဖို့ အောက်တိုဘာ ၈ ရက်မှာ အမိန့်ပေးခဲ့ကြောင်း အဲဒီအမှုရဲ့ ရှေ့နေတယောက်က ပြောပါတယ်။
သူတို့ကို ထိန်းသိမ်းထားတာဟာ ဥပဒေနဲ့မညီဘဲ စည်းမျဉ်းတွေကို ချိုးဖောက်တာလို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ကြောင်း တရားခံရှေ့နေ ယာကူပီရက်ဇ်က ရိုက်တာကို ပြောပါတယ်။
အစိုးရက လူ ၅ ယောက်ကို လူသတ်မှုနဲ့ အကြမ်းဖက်ရန် ကြိုးပမ်းမှုလို့ စွပ်စွဲထားပြီး တာဝန်ရှိသူတွေကို တာဝန်ခံကြဖို့ ကတိပြုခဲ့ပေမဲ့ အောက်တိုဘာ ၈ ရက် ကြားနာမှုမှာ စွဲချက်တွေကို ခုခံမှုအဖြစ် အစိုးရရှေ့နေရုံးမှ ပြောင်းလဲခဲ့ကြောင်း ပီရက်ဇ်က ပြောဆိုပါတယ်။
တရားသူကြီးက သူတို့ကို လွှတ်ပေးလိုက်ဖို့ အမိန့်ပေးခဲ့ပေမဲ့ အစိုးရရှေ့နေရုံးဟာ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ဆက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။
ဒါပေမဲ့ အမျိုးသားဌာနေတိုင်းရင်းသားများအဖွဲ့ချုပ်-ကိုနိုက်အ် (CONAIE) က ရဲတပ်ဖွဲ့ဟာ ဒီဖြစ်ရပ်ကို တုံ့ပြန်ရာမှာ ရဲတပ်ဖွဲ့အင်အား အလွန်အကျွံသုံးပြီး ဆန္ဒပြသူတွေကို နိုင်ထက်စီးနင်း ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။




