
တောင်ကိုရီးယားရောက် မြန်မာလုပ်သားတွေရဲ့ အထူးနေထိုင်ခွင့်ဗီဇာ (G1-99) ပြောင်း လဲလျှောက်ထားတာနဲ့ ပတ်သက်လို့ စိစစ်တာတွေ ပိုလုပ်သွားမယ်လို့ ကိုရီးယားတရားရေးဌာနက အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအခြေအနေကြောင့် ခိုလူံခွင့်ပေးတဲ့ G1-99 ဗီဇာရယူပြီး မူလအလုပ်ကနေ ထွက်ပြေးတာတွေ ရှိနေတာကြောင့် အလုပ်ရှင်တွေ နစ်နာနေရတဲ့အတွက် အဲဒီဗီဇာလျှောက်ထားတာနဲ့ ပတ်သက်လို့ ဖြည့်စွက်၊ ပြင်ဆင်တာတွေ လုပ်သွားမယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံကို အလုပ်အကိုင်ဗီဇာနဲ့ရောက်လာတဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်ထဲက အလုပ်သမားတွေထဲက G1-99 ဗီဇာယူပြီး ထွက်ပြေးကာ တခြားအလုပ်ပြောင်း လုပ်တာတွေ အများဆုံးကြုံနေရတာလို့ တရားရေးဌာနက ပြောပါတယ်။
G1-99 ဗီဇာဟာ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေကို စာနာထောက်ထားတဲ့အနေနဲ့ ကိုရီးယားအစိုးရက အထူးအခွင့်အရေးပေးထုတ်ပေးတာဖြစ်ပြီး မြန်မာနိုင်ငံသားတချို့က အခွင့်အရေးယူပြီး တလွဲအသုံးချနေတာကြောင့် တကယ်လိုအပ်တဲ့သူတွေအတွက်ပါ အခက်တွေနိုင်တယ်လို့ ကိုရီးယားရောက် မြန်မာအရေးလူပ်ရှားသူတယောက်က ပြောပါတယ်။
"ကိုရီးယား အစိုးရက ရည်ရွယ်တာက အာဏာရှင်ဆန့်ကျင်ရေးလူပ်ရှားမှုလုပ်လို့ မြန်မာနိုင်ငံ ပြန်ရင် အန္တရာယ်ရှိနိုင်တဲ့သူတွေကို နိုင်ငံတည်ငြိမ်းအေးချမ်းတဲ့ အချိန်အထိ ပြန်စရာမလိုဘဲ ဒီမှာ ဆက်နေနိုင်အောင် အထူးဗီဇာထုတ်ပေးတာ။ ဒါကိုတလွဲအသုံးချနေတာတွေ လုပ်လာတော့ သူတို့ စိတ်ပျက်သွားမှာစိုးရတယ်။"
တောင်ကိုရီးယားတရားရေးဌာနကထုတ်ပြန်တဲ့စာရင်းအရ အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ အလုပ်အကိုင်ဗီဇာနဲ့ ရောက်လာတဲ့ မြန်မာလုပ်သားတွေထဲက ၁,၄၂၀ ယောက် G1-99 ဗီဇာကို ပြောင်းလဲ လျှောက်ထားခဲ့ကြတယ်လို့ သိရပါတယ်။
ကိုရီးယားမှာ မြန်မာလုပ်သားပေါင်း ၈၀, ၀၀၀ ကျော် ရောက်ရှိနေထိုင် လုပ်ကိုင်နေတယ်လို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။




