
ဒေါ်လာ သန်း ၃၀၀ ကုန်ကျမှာဖြစ်တဲ့ အိမ်ဖြူတော် ကပွဲခန်းမ တည်ဆောက်ရေးအတွက် အလှူရှင်တွေ ထပ်မံရှာဖွေနေပြီး လိုအပ်နေသေးရင် သူလှူမယ်လို့ ထရမ့်ပ်က ပြောကြားထားပါတယ်။
လက်ရှိ လှူဒါန်းထားကြတဲ့ အလှူရှင်ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေစာရင်းကို သမ္မတဘက်က ထုတ်ပြန်ပေးခဲ့ပေမဲ့ ဘယ်သူက ဘယ်လောက်လှူသလဲ ဆိုတာကိုတော့ အသေးစိတ် မဖော်ပြထားပါဘူး။
ဒီစီမံကိန်းအတွက် လှူဒါန်းမယ်လို့ ကတိပြုထားတဲ့ ပမာဏဟာ ဒေါ်လာ သန်း ၂၀၀ နီးပါး ရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။
ထရမ့်ပ်က သူလည်း ဒေါ်လာသန်းချီ ထည့်ဖို့ ရည်ရွယ်ထားပြီးတော့ “ဘယ်လောက်လိုလို ကျုပ်လှူမယ်” လို့ ပြောထားပါတယ်။
အလှူရှင်စာရင်းမှာ နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Amazon၊ Meta (Facebook)၊ Microsoft၊ Alphabet (Google)၊ တို့ လေကြောင်းနဲ့ ကာကွယ်ရေးနည်းပညာကုမ္ပဏီကြီး Lockheed Martin၊ Crypto ကုမ္ပဏီတွေနဲ့ လုပ်ငန်းရှင်တွေလည်း တွေ့ရပါတယ်။
အိမ်ဖြူတော်က ထုတ်ပြန်ထားတဲ့ အလှူရှင် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် ၃၇ ခုမှာ မန်ချက်စတာယူနိုက်တက်ပိုင်ရှင် ဂလေဇာမိသားစုက အက်ဒ်ဝပ်ဂလေဇာ ပါဝင်နေတာလည်း တွေ့ရပါတယ်။
စတုရန်းပေ ၉၀,၀၀ ရှိတဲ့ ကပွဲခန်းမအတွက် ကုန်ကျစရိတ် ဒေါ်လာ သန်း ၂၀၀ ရှိမယ်လို့ ထရမ့်ပ်က ကနဦး ခန့်မှန်းခဲ့ပေမဲ့ အခုအခါမှာ သန်း ၃၀၀ ကုန်ကျမယ်လို့ ပြောင်းလဲသွားတဲ့အတွက် အလှူရှင် ထပ်လိုအပ်လာတာ ဖြစ်ပါတယ်။
အခုအခါ သမ္မတကတော်နဲ့ တခြားဝန်ထမ်းရုံးတွေ ထားရှိတဲ့ အိမ်ဖြူတော် အရှေ့ဆောင်တခုလုံးကို ဖြိုချလိုက်ပြီ ဖြစ်ပါတယ်။
ဒီလုပ်ရပ်ကို ဒီမိုကရက်တွေနဲ့ တချို့အဖွဲ့အစည်းတွေက ဝေဖန်ထားကြပြီး သမိုင်းဝင် အဆောက်အအုံကြီးတခုလုံး ဖြိုချခဲ့တဲ့အပေါ် အပြစ်တင်ခဲ့ကြပါတယ်။
Source: Reuters




