
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာစေပါသလဲ။ စစ်ဆင်ရေး ၂ နှစ် ပြည့်ချိန်မှာ ပြောင်းလဲလာတဲ့ စစ်မျက်နှာ၊ ပထဝီနိုင်ငံရေးနဲ့ တရုတ်ရဲ့ ပါဝင်စွက်ဖက်မှုတွေအပြင် လက်ရှိအခြေအနေတွေ ဘယ်လိုရှိနေပါသလဲ လေ့လာကြည့်ရအောင်ပါ။
ပြီးခဲ့တဲ့ ၂ နှစ်၊ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ အရုဏ်ဦးမှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့က ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ စစ်စခန်းတွေကို တပြိုင်တည်း ဝင်တိုက်ခဲ့ပြီး တရုတ်-မြန်မာနယ်စပ်က ချင်းရွှေဟော်မြို့ကို တရက်တည်း သိမ်းပြခဲ့ပါတယ်။
အဲဒီနောက်မှာတော့ “၁၀၂၇ စစ်ဆင်ရေး” စတင်ကြောင်း ကြေညာခဲ့ပြီး အပြင်းအထန် ထိုးစစ်ဆင်ခဲ့ကြတဲ့ ၁ နှစ်ဝန်းကျင်အတွင်း လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ ရှမ်းမြောက်တခုလုံးနီးပါးနဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အထိကို ဆက်တိုက် သိမ်းပိုက်ခဲ့ကြပါတယ်။
ဒီထိုးစစ်ဟာ ၂ နှစ်ကျော်ကြာ တုံ့ဆိုင်းနေခဲ့တဲ့ နွေဦးတော်လှန်ရေးအတွက် ကြီးမားတဲ့ တွန်းအားတရပ် ဖြစ်စေခဲ့ပြီး အရင်က ခုခံစစ်သာ ဆင်နွှဲနေခဲ့တဲ့ အညာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကိုပါ မြို့တွေ၊ စခန်းတွေ သိမ်းပိုက်နိုင်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။
ယင်းမာပင်အခြေစိုက် PDF ကိုခန့်က “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ ၁၀၂၇ စစ်ဆင်ရေး ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ အညာဒေသမှာ ပိုပြီးတော့ စစ်ရေးအရ အားကောင်းလာတဲ့ အနေအထားတွေ ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ဦးဆောင်ပြီးတော့ မြို့တွေကို တမြို့ပြီးတမြို့ သိမ်းတယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့ အညာမှာရှိတဲ့ PDF တွေက စုပေါင်းပြီးတော့ပေါ့နော်၊ စစ်ကောင်စီတပ်စခန်းတွေကို တဆင့်ပြီးတဆင့် သိမ်းပိုက်တဲ့ ဟာတွေလည်း ရှိလာခဲ့တယ်ပေါ့။ ကျနော်တို့အညာမှာ လိုအပ်နေတာက တပ်ရင်းတခုပဲ ဖြစ်ရမယ်၊ နောက်တခု တသွေး တသံ တမိန့်တည်း ဖြစ်ရမယ်ပေါ့နော်။ တပ်ပေါင်းစုပေါ့နော်၊ တပ်ပေါင်းစု ဖြစ်ဖို့အတွက်ပဲ လိုအပ်နေတယ်” လို့ ပြောပါတယ်။
“၁၀၂၇ စစ်ဆင်ရေး” ထိုးစစ်ဟာ မန္တလေးမြို့နဲ့ မိုင် ၂၀ လောက်သာကွာဝေးတဲ့ မတ္တရာမြို့နယ်ထဲကို ရောက်လာခဲ့ပြီး မန္တလေးနဲ့ မိုင် ၆၀ ဝန်းကျင်အကွာက စဉ့်ကူးမြို့ကိုလည်း PDF တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အလားတူ ကရင်နီတပ်တွေရဲ့ ၁၁၁၁ စစ်ဆင်ရေးနဲ့အတူ နေပြည်တော်ရဲ့ဝင်ပေါက် မိုးဗြဲအထိ ရောက်လာချိန်မှာတော့ တရုတ်ဘက်က သိသာတဲ့စွက်ဖက်မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ခြိမ်းခြောက်မှုတွေ ပြုလုပ်လာတာပါ။
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကူမင်းမြို့မှာ “ဟိုက်ဂင် သဘောတူညီချက်” ကို စစ်ကောင်စီတပ်၊ MNDAA နဲ့ TNLA တို့ လက်မှတ်ရေးထိုးခဲ့ကြသလို တရုတ်ကိုယ်စားလှယ်အဖွဲ့ကလည်း မြန်မာပြည်ကို လာရောက်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာတော့ စစ်ပွဲတွေရဲ့ နောက်ကွယ်မှာ ကူညီပေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်က “ဝ” တပ်ဖွဲ့ UWSP နဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းပြီး အကျပ်ကိုင်လာပြန်ပါတယ်။
တဖက်မှာလည်း ကိုးကန့်တပ်-MNDAA က သူတို့ရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ လောက်ကိုင် အပါအဝင် မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဟိုပန်နဲ့ ပန်လုံမြို့တွေကို “ဝ” တပ်ဖွဲ့ UWSA ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။
ဒါ့အတူ နယ်စပ်တည်ငြိမ်ရေး၊ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖောက်ဖို့နဲ့ စစ်တပ်ကို လိုလားတဲ့ တရုတ်ရဲ့ ကြားဝင်မှုကြောင့် လားရှိုးကိုပြန်ပေးပြီး အပစ်ရပ်ခဲ့ကြပါတယ်။
ရှမ်းမြောက်မှာ တိုက်ပွဲတွေ ငြိမ်လာပေမဲ့ အာရက္ခတပ်တော် (AA) ကတော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်ကိုယူပြီး အဓိကစစ်မျက်နှာဖြစ်တဲ့ ရခိုင်မှာ မြို့နယ်ပေါင်း ၁၇ ခုရှိတဲ့အထဲ ၁၄ မြို့နယ်ကို သိမ်းပိုက်ခဲ့ကာ ခုချိန်ထိ ဆက်လက် ထိန်းချုပ်ထားပါတယ်။
အခုတခါ လက်ကျန်မြို့ဖြစ်တဲ့ စစ်တွေနဲ့ ကျောက်ဖြူကို ဝိုင်းပတ်ထားသလို ရခိုင်ပြည်နယ်ရဲ့ ဝင်ပေါက်တွေကိုလည်း ပိတ်ဆို့ တိုက်ခိုက်နေပါတယ်။
အကျပ်တွေ့နေရတာကတော့ TNLA ဖြစ်ပြီး စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို ပြန်ပေးလိုက်ရသလို မိုးကုတ်ဘက်ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်ခံနေရပါတယ်။
စစ်ဆင်ရေး ၂ နှစ်ပြည့်ချိန်မှာတော့ ညီနောင် ၃ ဖွဲ့ရဲ့ခြေလှမ်းတွေ တပြေးညီ မဖြစ်တော့သလို စစ်မျက်နှာတွေလည်း ပြောင်းလဲလာတာ တွေ့ရပါတယ်။
ISP Myanmar မှ ဦးအောင်သူငြိမ်းက “အခုချိန်မှာ ကိုးကန့်က ရပ်ပြီဆိုပြီး ရပ်လိုက်တယ်။ AA ကကျတော့ သူ့ဘာသာသူ ဆက်တိုက်နေတာမျိုး ရှိတယ်။ အဲတော့ စစ်ရေးမဟာမိတ်ဆိုတာ အချိန်တခုလောက်ထိပဲ အလုပ်ဖြစ်နိုင်တယ်ပေါ့ဗျာ။ နောက်တခုကျတော့ ကျနော်တို့ တအာင်း ပလောင်ပေါ့။ သူတို့က တပ်ကို အဆမတန် အချိန်တိုအတွင်းမှာ ချဲ့မယ်။ နောက်တခုက နယ်မြေကို အတင်းတိုးချဲ့ဖို့ ကြိုးစားမယ်။ နောက်တခါကျတော့ ဒီလိုမျိုး ကိုယ့်ရဲ့အင်အားကို အလျင်အမြန်ပေါ့ဗျာ ဒီလိုတိုးချဲ့လာရင် ဘေးမှာရှိတဲ့ မဟာမိတ်တွေနဲ့ ပွတ်တိုက်မှုတွေဖြစ်မယ်။ နယ်မြေပြဿနာတွေ ဖြစ်မယ်ဆိုတဲ့ဟာမျိုးက ဒါ အစောကြီးတည်းက ရေးထား ပြောထားကြတာတွေ ရှိပါတယ်။ ကျနော်ထင်တယ် သူတို့ အဲဒီကိစ္စမျိုးတွေ နားထောင်တာ အားနည်းတယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
ဒီလိုပြောင်းလဲမှုတွေရဲ့နောက်ကွယ်မှာ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေ အထူးသဖြင့် တရုတ်ရဲ့ ပါဝင်စွက်ဖက်မှုက အဓိကကျကြောင်း လေ့လာသူတွေက တညီတညွတ်တည်း ပြောကြပါတယ်။
ဒါကြောင့်ပဲ စစ်တပ်ကို ဖြုတ်ချနိုင်တော့မလားလို့ မျှော်လင့်ကြတဲ့အထိ အစကောင်းခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ၊ တရုတ်ရဲ့ မြန်မာစစ်တပ်အပေါ် ငွေကြေး လက်နက် နည်းပညာနဲ့ ထောက်ပံ့ပေးမှုတွေကြောင့် မြို့တွေကို ပြန်ပြီး လက်လွှတ်လာရပါတယ်။
အခုချိန်ထိဆိုရင် လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ သပိတ်ကျဉ်း၊ မိုးဗြဲ၊ ဒီးမော့ဆိုမြို့တွေကို ပြန်လည်လက်လွှတ်လာရပေမဲ့ နွေဦးတော်လှန်ရေးဟာ အဆုံးသတ်မယ့် အခြေအနေ မရှိသေးဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“ပြောချင်တာက အဲဒါက ကျောက်ဖြူနဲ့အတူ တရုတ်ရဲ့ အကျိုးစီးပွား ပျက်သုဉ်းဖို့အတွက် ကြီးမားတဲ့ ခြမ်းခြောက်မှုကြီး ဖြစ်လာနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ အဲလိုအခြေအနေမှာ KIA ကလည်း တဘက်က ဗန်းမော်မြို့သိမ်းတိုက်ပွဲနဲ့ မြောက်ပိုင်းကို စီးမိုးနိုင်လို့ရှိရင် ကျနော်တို့ ဗမာပြည်ရဲ့ အခြေအနေဟာ နွေဦးတော်လှန်ရေးကို ဆက်ပြီးတော့ အောင်ပွဲဆီကို သယ်ဆောင်သွားနိုင်သလို ဗမာပြည်ဟာလည်း တောင်ခြမ်း၊ မြောက်ခြမ်း ပြဿနာ ရှိလာနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အဲဒါတွေ ဖြစ်မလာဖို့အတွက် အဆုံးအဖြတ်ကတော့ ကျနော်တို့ တိုင်းရင်းသားအင်အားစုနဲ့ အညာက ဗမာ အမျိုးသားအင်အားစုတွေ ညီညီညွတ်ညွတ် ပေါင်းစည်းပြီးတော့ နွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်အောင်ပွဲအဖြစ် နေပြည်တော် သိမ်းပိုက်နိုင်တဲ့ ကြိုးပမ်းမှု အောင်မြင်လို့ရှိရင် ကျနော်တို့ ပွဲပြီးမယ်လို့ မျှော်လင့်တဲ့အကြောင်း တင်ပြချင်ပါတယ်” လို့ ပြောပါတယ်။
ဒါကြောင့် ၁၀၂၇ ဟာ စစ်တပ်ကို အကြီးအကျယ် အထိနာစေခဲ့ပေမဲ့ တရုတ်ရဲ့စွက်ဖက်မှုကြောင့် ညီနောင် ၃ ဖွဲ့အပေါ် သက်ရောက်လာတဲ့ ဖိအားတွေနဲ့ စစ်မျက်နှာ မတူညီမှုတွေကြောင့် အောင်ပွဲအရှိန်ဟာ ရှမ်းမြောက်မှာ ရပ်တန့်သွားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ စစ်ကောင်စီကို အသက်ရှူပေါက်တခု ပေးလိုက်သလို ဖြစ်ခဲ့ပြီး ရှမ်းမြောက်က တပ်တွေကို ရခိုင်နဲ့ ကချင် ဒါမှမဟုတ် PDF တွေ အားကောင်းရာ နိုင်ငံအလယ်ပိုင်းကို ပြန်လည် အင်အားဖြည့်တင်းစေနိုင်ခဲ့ပါတယ်။
ဒါ့အတူ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ကိုယ်ပိုင်နိုင်ငံရေးပန်းတိုင်တွေနဲ့ တရုတ်ရဲ့ ပထဝီနိုင်ငံရေး လွှမ်းမိုးမှုတွေကြားမှာ ရှုပ်ထွေးစွာ ချိတ်ဆက်နေပြီး ဒီအခြေအနေဟာ နွေဦးတော်လှန်ရေးအတွက် အနာဂတ်စိန်ခေါ်မှုတရပ် အနေနဲ့ ဖြစ်လာစေတဲ့အကြောင်း နားလည်ရပါတယ်။
စိုးသူအောင်




