Home
မြန်မာသတင်း
၁၀၂၇ စစ်ဆင်ရေးက အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံးဖြစ်၊ အာရက္ခတပ်တော် (AA)  ၁၆ နှစ်ပြည့် သဝဏ်လွှာပေးပို့  
DVB
·
April 10, 2025

မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့က ဦးဆောင်ပြီး တခြားမဟာမိတ်တပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ အကောင်အထည်ဖော်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ မြန်မာပြည်မှာ အာဏာရှင်တိုက်ဖျက်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးရဲ့ အကောင်းဆုံးအစပြု စစ်ဆင်ရေး ဖြစ်လာခဲ့တယ်လို့ ၁၆ နှစ်မြောက် အာရက္ခတပ်တော် (AA) ရဲ့ နှစ်ပတ်လည်နေ့မှာ ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့နဲ့ MNDAA  နဲ့ တအာင်းတပ်ဖွဲ့  PSLF/TNLA တို့က ပေးအပ်ခဲ့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ပြောပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးဟာ တော်လှန်ပြည်သူတွေအားလုံးရဲ့ ထောက်ခံမှုနဲ့အတူ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မယ့် ခြေလှမ်းတွေ ဖြစ်ပါတယ်လို့ဆိုပါတယ်။

ရခိုင်လူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အာရက္ခအိပ်မက် (Arakan Dream) လုပ်ငန်းစဉ်ကြီးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အာရက္ခတပ်တော် (AA) ကို ဖွဲ့စည်းတည်ထောင်ခဲ့တာဟာ ဒီနေ့ ဧပြီ ၁၀ ရက်ဆိုရင် ၁၆ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးရှည်ကြီးမှာ ရခိုင်လူမျိုးတွေအတွက် အာရက္ခအိပ်မက်ကို အကောင်အထည်ဖော်ခဲ့ကြတဲ့ အာရက္ခအာဇာနည်ရဲဘော်တွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ ပေးဆပ် ပါဝင်ခဲ့ကြတဲ့ ရခိုင်လူမျိုးတွေအားလုံးကို လေးစားဂုဏ်ယူရတယ်လို့ ဂုဏ်ပြုသဝဏ်လွှာမှာ ပါရှိပါတယ်။

ဒါ့အပြင် ရခိုင်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ ရခိုင်သားတွေရဲ့ လက်ထဲကို မကြာခင် အချိန်အတွင်းမှာ မုချမသွေရောက်ရှိတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ အခက်အခဲပေါင်းစုံကို စုစည်းညီညွတ်စွာ အတူတကွ ဖြတ်ကျော်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက် လှိုင်းလုံးတွေနဲ့အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိတဲ့အထိ ခိုင်မာတဲ့ ညီနောင်မဟာမိတ်စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်ပါမယ်လို့ အလေးအနက်ကတိပြုရင်း အခုလို သဝဏ်လွှာပေးပို့ရတာပါလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာရက္ခတပ်တော် (AA) ဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က လူအနည်းငယ်နဲ့သာ ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား ဒေသတွေမှာ စစ်ပညာသင်ယူခဲ့ကာ ကြိုးကြားကြိုးကြား တိုက်ခိုက်တာရှိပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ  ရခိုင်ပြည်နယ် တခုလုံးနီးပါး  သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။  

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013