
နယူးဇီလန်နိုင်ငံရဲ့ လေပြင်းမုန်တိုင်းတွေတိုက်ခတ်နိုင်တာကြောင့် မိုးလေဝသ အေဂျင်စီက ရှားရှားပါးပါး အနေနဲ့ အနီရောင်အဆင့် လေတိုက်နှုန်းသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
နယူးဇီလန်ရဲ့ တောင်ကျွန်းနဲ့ မြောက်ကျွန်းအောက်ပိုင်းတို့မှာ နွေဦးမုန်တိုင်းက အောက်တိုဘာ ၂၃ ရက်မှာ တိုက်ခတ်လို့ အဖျက်စွမ်းအားပြင်းတဲ့အထိ မိုးရွာသွန်းခဲ့ပြီး ကန်တာဘာရီ ဒေသမှာ တာဝန်ရှိသူတွေက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
မြို့တော် ဝယ်လင်တန်နဲ့ ကန်တာဘာရီမှာရှိတဲ့ ခရစ္စချာ့ချ်မြို့တို့မှာ လေယာဉ်ခရီးစဉ်တွေ အားလုံးကို ဖျက်သိမ်းခဲ့ရပြီး ရထားဝန်ဆောင်မှုတချို့ကို ဆိုင်းငံ့ထားရကာ စာကြည့်တိုက်တွေ အပါအဝင် အစိုးရဌာန အများအပြားကိုလည်း ပိတ်ထားပါတယ်။
နယူးဇီလန် သယ်ယူပို့ဆောင်ရေး အေဂျင်စီကလည်း လမ်းအများအပြားကို ပိတ်ထားပြီး လျှပ်စစ်ဓာတ်အား သိသိသာသာ ပြတ်တောက်သွားခဲ့ပါတယ်။ လေပြင်း တိုက်ခတ်လို့ အဝေးပြေးလမ်းမပေါ်မှာ ကုန်တင်ကား တိမ်းမှောက်တာတွေလည်း ဖြစ်ခဲ့ပါတယ်။
မြောက်ကျွန်းရဲ့ အရှေ့ဘက်ကမ်းရိုးတန်းက ဟော့ခ်ပင်လယ်အော်မှာ မီးသတ်သမားတွေက တောမီးတွေကို ဆက်လက် ငြှိမ်းသတ်နေပြီး တောမီးအများစုကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဟော့ခ် ပင်လယ်အော် မီးသတ်နဲ့ အရေးပေါ်ဌာနက အင်တာနက် စာမျက်နှာမှာ ဖော်ပြပါတယ်။
နယူးဇီလန်မှာ အနီရောင်သတိပေးချက်ကို အဆိုးရွားဆုံး ဖြစ်ရပ်တွေမှာသာ ထုတ်ပြန်လေ့ရှိပါတယ်။ လူတွေကိုလည်း ဖြစ်နိုင်ရင် အမိုးအကာတွေအောက်မှာ ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။
Source:Reuters




