
လာမယ့် ၂၀၂၈ ခုနှစ် မတိုင်ခင် ရုရှားဆီကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်သွင်းမှုကို ရပ်ဆိုင်းဖို့အတွက် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူညီချက် ရရှိခဲ့ပါတယ်။
ဒါဟာ ယူကရိန်းမှာ ဆင်နွှဲနေတဲ့ ရုရှားကျူးကျော်စစ်အတွက် အထောက်အကူဖြစ်မှာ စိုးရိမ်တဲ့အလျောက် အခုလိုမျိုး ဖြတ်တောက်နိုင်ဖို့ရာ ကြိုးပမ်းနေခဲ့တာပါ။
အောက်တိုဘာ ၂၀ ရက်က လူဇင်ဘတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးအတွင်း ရုရှား စွမ်းအင်ဝယ်ယူမှု ရပ်တန့်ရေး စည်းမျဉ်းမူကြမ်းကို EU စွမ်းအင်ဝန်ကြီး အားလုံးနီးပါးက ထောက်ခံမဲ ပေးခဲ့ကြပါတယ်။
ရုရှားနဲ့ သံတမန်ရေးအရ နီးစပ်မှုရှိတဲ့ ဟန်ဂေရီနဲ့ စလိုဗက်ကီးယားက EU ရဲ့ နောက်ဆုံးစီမံချက်ကို ကန့်ကွက်ခဲ့ပေမဲ့လည်း အတည်ပြုနိုင်ခဲ့ပါတယ်။
အဲဒီထဲမှာ ပိုက်လိုင်းကလာတဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့အရည် (LNG) နှစ်မျိုးစလုံးအတွက် အကျုံးဝင်တဲ့အပြင် ကုန်းတွင်းပိတ်နိုင်ငံတွေကိုပါ ကင်းလွတ်ခွင့်တချို့ ပေးထားကြောင်း သိရပါတယ်။
ဒီမူကြမ်းအရ ၂၀၂၆ ခုနှစ်မှာ ကာလတိုနဲ့ ၂၀၂၈ ခုနှစ်မှာ ကာလရှည် စတဲ့ ရုရှားဓာတ်ငွေ့ဝယ်ယူရေး စာချုပ်တွေကို EU အဖွဲ့ဝင်နိုင်ငံတွေဘက်က တဖြည်းဖြည်းချင်း ဖျက်သိမ်းပေးရမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း ဥရောပနိုင်ငံတွေကို “မိမိအပေါ်ပြန်တိုက်မယ့် စစ်ပွဲအတွက် ငွေကြေးထောက်ပံ့တာမျိုး” မလုပ်ကြဖို့ အကြိမ်ကြိမ် တောင်းဆိုထားပါတယ်။
ဥရောပအတွက် လိုအပ်တဲ့ ဓာတ်ငွေ့ပမာဏ ၁၃ ရာခိုင်နှုန်းဟာ ရုရှားဆီကနေ ရယူနေတာဖြစ်ပြီး တန်ကြေးအားဖြင့် တနှစ်ကို ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီယံနဲ့အထက် ရှိပါတယ်။
EU ဟာ ရုရှားဆီကနေ တင်သွင်းနေတဲ့ ရေနံပမာဏကို ၃ ရာခိုင်နှုန်းလောက် လျှော့ချပြီး ဖြစ်ပေမဲ့လည်း အလုံးစုံ ဖြတ်တောက်နိုင်ခြင်းတော့ မရှိသေးပါဘူး။
တဖက်မှာ ရုရှားက ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာအများစုကို တရုတ်၊ အိန္ဒိယနဲ့ တူရကီ နိုင်ငံတွေဆီ အဓိကထား ရောင်းချနေတာ ဖြစ်တာကြောင့် ထိခိုက်မှုရှိနိုင်ခြေ အလွန်နည်းပါးပါတယ်။
ဒါ့အပြင် EU နိုင်ငံတွေထဲမှာ ရုရှားစွမ်းအင် အများဆုံး တင်သွင်းနေတာက ဟန်ဂေရီနဲ့ စလိုဗက်ကီးယား ဖြစ်ပြီး ပြင်သစ်၊ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံ တို့ကိုလည်း ဖော်ပြထားပါတယ်။
အဲဒီအဆိုပြုချက်ကို ဥရောပပါလီမန်မှာ မဲခွဲဆုံးဖြတ်ရဦးမှာ ဖြစ်ပေမဲ့လည်း အတည်ပြုနိုင်ဖို့ကတော့ သေချာသလောက် ရှိပါတယ်။
Source: Reuters




