Home
အနုပညာ
“ပြုံးပြုံးလေး” ရုပ်ရှင် မယ်ရီလန်းတွင် ပြသ
DVB
·
October 19, 2025
MaryLand-Smile 5

ဒါရိုက်တာကိုပေါက် စီစဉ်ရိုက်ကူးပြီး အကယ်ဒမီမင်းမော်ကွန်း ဦးဆောင်ပါဝင်ထားတဲ့ “ပြုံးပြုံးလေး” ရုပ်ရှင်ပြပွဲကို ဒေသစံတော်ချိန် အောက်တိုဘာ ၁၈ ရက်နေ့မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်မှာ ကျင်းပခဲ့ပါတယ်။

ရုပ်ရှင်ပြပွဲနဲ့အတူ ရန်ပုံငွေစျေးရောင်းပွဲလည်း ပြုလုပ်ခဲ့ပြီး ရလာတဲ့ ရန်ပုံငွေအားလုံးကို တော်လှန်ရေးအတွက်လှူဒါန်းသွားမယ်လို့  မယ်ရီလန်း ပွဲစီစဉ်သူက ပြောပါတယ်။

ကိုရင်ထွေး(ပွဲစီစဉ်သူ) က “ကိုပေါက်ကိုပဲ ကျနော်တို့ကမ်းလှမ်းတယ်၊ မယ်ရီလန်းမှာ ပြုံးပြုံးလေးရုပ်ရှင်ကို ပြပေးမယ်၊ ဒီဘက်မှာရှိတဲ့ ညီအကိုမောင်နှမတွေရဲ့ဆန္ဒကတော့ အချိန်တွေ လူအင်အားတွေ ငွေအင်အားတွေ စိုက်ထုတ်မယ်။ ရရှိလာတဲ့ အကျိုးအမြတ်အားလုံးကလည်း ပြုံးပြုံးလေးရုပ်ရှင်ကိုပဲသွားမယ်။ ကိုပေါက်ကလည်းပြောတယ်၊ ၅၀ ရာခိုင်နှုန်းက စစ်ဘေးရှောင်ကျန်းမာရေးအတွက် နောက် ၅၀ ရာခိုင်နှုန်းက မြေပြင်ကိုသွားမယ်ဆိုလို့ ကျနော်တို့က နိုင်တဲ့ဘက်နဲ့ အချိန်တွေ လူအင်အားတွေပေးပြီး ပွဲလေးဖြစ်မြောက်အောင် လုပ်ခဲ့ပါတယ်။ ပြည်ပမှာရှိတဲ့ ကျနော်တို့ ညီအကိုမောင်နှမတွေအားလုံးကတော့ တသွေးတည်းတသားတည်းပါပဲ။ ဓမ္မဘက်ကရပ်တည်ပြီး ဒီနွေဦးတော်လှန်ရေးအောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျရာနေရာတာဝန်ကနေထမ်းဆောင်ခဲ့တာပါ” လို့ ပြောပါတယ်။

“ပြုံးပြုံးလေး” ရုပ်ရှင်မှာ တကယ့်ရုပ်ရှင်အနုပညာသမားတွေဆိုလို့ ဒါရိုက်တာကိုပေါက်နဲ့ သရုပ်ဆောင် မင်းမော်ကွန်းတို့သာပါဝင်ပြီး ကျန်တဲ့သူတွေကတော့ မြေပြင်အလွှာပေါင်းစုံက တော်လှန်ရေးရဲဘော်ရဲဘက်တွေဖြစ်ပါတယ်။ 

“ပြုံးပြုံးလေး” ရုပ်ရှင်ကို ကရင်နီပြည်နယ်မှာ အခြေပြုရိုက်ကူးထားတာဖြစ်ပြီး တော်လှန်ရေးကာလ မြေပြင်အခြေအနေ မှတ်တမ်းဖော်ပြချက်တွေကိုလည်း ရုပ်ရှင်မှာ တွေ့ရပါတယ်။

ကိုဆန်မန်း(မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ) က “တော်လှန်ရေးအချိန်ကြာလာတာနဲ့အမျှ ကိုယ်စီအခက်အခဲလေးတွေကတော့ ကြုံရမှာပါ။ သိုပေမယ့်လည်း ကျနော်တို့က ဒါကို ပြုံးပြုံးလေး ရုပ်ရှင်အတိုင်းပေါ့နော်၊ အခက်အခဲတွေကို ကျော်ဖြတ်နေရတဲ့ကာလဆိုပေမဲ့လည်း ကျနော်တို့ ဒီလို နှောင့်နှေးရှည်ကြာလာတဲ့အကြောင်းရင်းက ဘယ်လိုပဲရှိရှိ ကျနော်တို့လည်း တတ်နိုင်သလောက် ရန်ပုံငွေရှာဖွေနေတဲ့ အစီအစဉ်လေးအတိုင်းပဲ ပံ့ပိုးပေးသွားမယ်။ မြေပြင်မှာရှိတဲ့ ကျနော်တို့ တော်လှန်ညီအကိုမောင်နှမတွေအားလုံးကလည်း ဘယ်လိုအခက်အခဲပဲရှိရှိ စိတ်ဓာတ်မကျဘဲနဲ့ ပြုံးပြုံးလေးပဲ ဆက်ကျော်ဖြတ်ကြဖို့ အားပေးစကားပြောလိုက်ပါတယ်ဗျ” လို့ ပြောပါတယ်။

“ပြုံးပြုံးလေး” ရုပ်ရှင်ကို အမေရိကန်ပြည်ထောင်စု၊ မြို့ကြီးတွေမှာ ဆက်တိုက်ပြသနေတာဖြစ်ပြီး တော်လှန်ရေးကြောင့် ဖြစ်လာတဲ့ ဖိအားတွေ နဲ့အခက်အခဲတွေကို စိတ်ဓညတ်ခိုင်ခိုင်မာမာနဲ့ ကျော်လွှားနိုင်ဖို့ ခွန်အားပေးတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ 

နိုင်ငံတကာရောက်မြန်မာတွေကတော့ တော်လှန်အနုပညာရှင်တွေအတူ မြေပြင်က အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို လိုအပ်တဲ့ အကူအညီတွေပေးနိုင်ဖို့ တတ်စွမ်းသရွေ့ ကြိုးစားနေတယ်လို့ ဆိုကြပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013