
မနက်စောစော ထောက်ကြန့်လမ်းဆုံကားဂိတ်မှာ ရန်ကုန်-ပဲခူးကားတွေ၊ ကုန်စိမ်းကားတွေ ပြည့်နေပြီး လမ်းမပေါ်မှာတော့ ဈေးရောင်းချသူတွေနဲ့ စည်ကားနေပါတယ်။
ကုန်စိမ်းကားတစီးပေါ်ကနေ ပီနံအိတ်နဲ့ ထုပ်ထားတဲ့ ဟင်းသီးဟင်းရွက်အထုပ်ကြီးကို မနိုင်မနင်းမကာ ဆင်းလာတဲ့ အမျိုးသမီး တဦးက အထုပ်ကိုချကာ နဖူးကကျလာတဲ့ ချွေးကို လက်နဲ့ သပ်တင်ပြီး ဘေးတွဲဆိုင်ကယ်တစီးကို အော်ခေါ်လိုက် ပါတယ်။
မနှင်းမြ (အမည်လွဲ) က "ကျမ ဒီလိုဘဝရောက်သွားတာ စလော့ဂိမ်းကြောင့် အစက သူများပြောတာမယုံဘူး၊ ကိုယ်တိုင်က ငွေကို အလွယ်ရတဲ့လမ်းက လိုက်မိတော့ ကိုယ်ပိုင်ငွေတွေ ကုန်တဲ့အပြင် အကြွေးပါတင်သွားလို့ ယောကျ်ားနဲ့ကွဲ ကလေးကိုလည်း မိဘတွေဆီပို့ထားပြီး သူများဆီက အတိုးနဲ့ဆွဲပြီး ကုန်စိမ်း ရောင်းရတာ" လို့ ပြောပါတယ်။
စလော့ဂိမ်းနဲ့ပတ်သတ်ပြီး သူကုန်ခဲ့တဲ့ငွေနဲ့ အတိုးနဲ့ယူခဲ့ရတဲ့ငွေ ပမာဏကို ပြောပြဖို့ စျေးလွယ်အိတ်ထဲက စာအုပ်အဟောင်းလေးကို ထုတ်ရင်း ထွက်ကျလာတဲ့ အိမ်ထောင်မကွဲခင်က ရိုက်ထားတဲ့ မိသားစု ဓာတ်ပုံလေးကိုကြည့်ကာ မနှင်းမြ ဝမ်းနည်းသွားပါတယ်။
“ကျမ စလော့ဂိမ်းကြောင့် သိန်း ၂၅၀ ကုန်သွားတယ်။ အိမ်ကငွေက သိန်း ၁၅၀ အတိုးနဲ့ ယူတာသိန်း ၁၀၀ ။ အဲ့ဒီအတိုးနဲ့ ယူထားတဲ့ ငွေသိန်း ၁၀၀ ကို အိမ်ထောင်ကွဲတော့ ပိုင်ဆိုင်မှုတွေ ခွဲတော့ရတဲ့ ငွေရယ် မိဘတွေထပ်ပေးတဲ့ငွေရယ်စုပြီးဆပ်လိုက်တယ်။ ကျန်တဲ့ငွေလည်းနဲ့ ကုန်စိမ်းရောင်းတယ် ကလေးတွေကို မိဘတွေဆီမှာထားပြီးကျောင်းတယ်။”
စလော့ဂိမ်းမဆော့ခင်က မနှင်းမြတို့ အိမ်ထောင်ရေးမှာ သာယာခဲ့ပြီး ခင်ပွန်းဖြစ်သူ အလုပ်ကြိုးစားသလို မိသားစုအပေါ် သိတတ်နားလည်သူ တယောက်ဖြစ်ပြီး ခင်ပွန်းဖြစ်သူ အလုပ်သွားချိန် အိမ်မှာကျန်ခဲ့တဲ့ မနှင်းမြက အပျင်းပြေ အွန်လိုင်းမှာ စလော့ဂိမ်းဆော့မှာ ရှိတာ ကုန်အကြွေးတင် နွံနစ်ကာ အိမ်ထောင်ရေးပြိုကွဲသွားတာ ဖြစ်ပါတယ်။
အွန်လိုင်းလောင်းကစားတခုဖြစ်တဲ့ စလော့ဂိမ်းဟာ စကစားတဲ့အချိန်မှာ နိုင်ပေမဲ့ နောက်ပိုင်း တောက်လျှောက်စားပြီး ငွေကုန်အလုပ်ပြုတ် အကြွေးတင်ကာ ပတ်ဝန်းကျင်ကပါ ယုံကြည်မှု မရှိတဲ့ အနေအထားရောက်သွားလို့ ဘဝကိုမနည်း ပြန်ရပ်တည်ရတယ်လို့ ကျပ် သိန်း ၁၀၀ အထိ ကုန်ခဲ့သူ မြောက်ဥက္ကလာမြို့နေ ကိုထွန်းထွန်း (အမည်လွှဲ)က ပြောပါတယ်။
“အပျော်ကနေ အပျက်လို့ပဲ ပြောရမလားမသိဘူး။ အပျင်းပြေစကားတာနေ ငွေကုန်တော့ ငွေနောက်လိုက်ရင်း၊ ရုံးက ပိုက်ဆံတွေ ယူသုံး အပေါင်းအသင်းတွေဆီက Kpay လိုက်ချေး ပြန်မဆပ်နိုင်၊ နောက်ပိုင်းကိုယ့်မိသားစုကပါ ကိုယ့်ကိုမယုံတော့တာ။ သိန်း ၁၀၀ လောက်ကုန်သွားတယ်။ နောက် ဂိမ်းမကစားတော့ဘူးဆိုပြီး မိသားစုကို ခေါ် ဘုရားမှာ သစ္စာဆိုပြီး သစ္စာဆိုပြီး ဖြတ်ပစ်ရတယ်။ ယုံကြည်မှုရဖို့ အတော်လည်း ပြန်တည်ဆောက်ရတာ။”
စစ်တပ်အာဏာသိမ်းပြီးနောက် လူမှုကွန်ရက်မှာငွေကြေးကို အသုံးပြုပြီး ဆော့ရတဲ့ ဂိမ်းဝက်ဘ်ဆိုက်တွေ ပေါ်လာပြီး အထွေထွေ ကျပ်တည်းနေတဲ့ ပြည်သူတွေဟာ ငွေအရလွယ်တဲ့ ဂိမ်းတွေကို အနိုင်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကစားလာကြတာလို့ ဂိမ်းကစားခဲ့သူ လူငယ်တယောက်က ပြောပါတယ်။
“အစက နာမည်ကြီးတာ အဘိုးကြီး သမီးတော် ။ အခုနာက်ပိုင်း ကျွဲဂိမ်း အနည်းဆုံး ၃,၀၀၀ ထည့်ပြီး ဆော့လို့ရတဲ့ ဂိမ်းရှိသလို ၅၀၀၀ ထည့်မှ ဆော့လို့ရတဲ့ဂိမ်းလည်းရှိတယ်။ ရှိတဲ့သူတွေ ဆိုရင် တခါထည့်ရင် ၃၀,၀၀၀ ၊ ဒါမှမဟုတ် ၅၀,၀၀၀ ထည့်ကြတယ်။ ဘယ်လောက်မှ မဆော့ရဘူး ၅ မိနစ်နေရင် ကုန်တာပဲ။ ကုန်ရင်ထပ်ထည့် ဆော့ကြတာ အကောင့်သစ်ဆို အနိုင်ပေးတယ်။ အဲ့လိုအနိုင်ပေးလိုက်တာက လူလိမ် သူခိုး ဘဝရောက်ဖို့ လမ်းစကို ဖော်ပေးလိုက်တာ ဘယ်သူမှ ဆော့ကြပါနဲ့လို့ပဲ ပြောချင်တယ်။”
အွန်လိုင်းဂိမ်းလုပ်ငန်းလုပ်ဆောင်သူတွေ အနေနဲ့ အပလီကေးရှင်းနဲ့ စနစ်တွေကို ကျပ် သိန်း ၇၀၀ မှ သိန်း ၁၀၀၀ အတွင်းဝယ်ယူပြီး လုပ်ငန်းလည်ပတ်ကြတာဖြစ်ပြီး အလုပ်သမားတွေကို ပြင်ပလစာထက် ၂ ဆပေးကာ ခေါ်ယူကြတာလို့ ဂိမ်းစင်တာမှာလုပ်ခဲ့သူတယောက်က DVB ကို ပြောပါတယ်။
"စလော့ဂိမ်းတွေက ဘယ်တော့မှမနိုင်ဘူး။ စနစ်ထဲမှာကိုက ပြင်ဆင်ပြီးသား။ ဒီနေ့မှာဘယ်သူ့ကို အနိုင်ပေးတယ်။ အကြိမ်ရေ ဘယ်လောက်မှာ ကျပေးမယ်။ Free လှည့်ခွင့်ပေးမယ် ဆိုပြီး တွက်ချက်ထားတာ။ အနိုင်ပေးတယ်ဆိုတဲ့ ပုံစံကလည်းကိုယ်က ၁၀ သိန်းလောက်ရှုံးနေရင် ၃ သိန်းလောက် ပြန်ပေးတာမျိုး ကြိုက်တဲ့သူဆော့ ဘယ်တော့မှ မနိုင်ဘူး။”
စလော့ဂိမ်းကြောင့် ဘဝပျက်ခဲ့သူတွေ ရှုံးပွဲဆက်လာလို့ ဂိမ်းကို မဆော့ရင်တောင် ဂိမ်းဖွင့်ခဲ့တဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ရေးအော်ပရေတာတွေဖြစ်တဲ့ MPT ၊ Mytel နဲ့ တယ်လီနောတို့က ဂိမ်းဆော့ဖို့ စာပို့တယ်လို့ ဂိမ်းဆော့သူတယောက်က DVB ကို ပြောပါတယ်။
“အတော်လေးရှုံးလို့ ဖုန်းထဲမှာရှိတဲ့ စလော့ဂိမ်းတွေကို အကုန်ဖျက်ပစ်လိုက်တယ်။ ဒါပေမဲ့ မရဘူး ဂိမ်းဖွင့်ထားတဲ့ ဆင်းကတ်ကို MPT၊ Mytel နဲ့ တယ်လီနောက ဂိမ်းဆော့ဖို့ စာတွေပို့တာ ဘလော့လည်း မရဘူး။ နောက်ဆုံး အဲဒီဆင်းကတ်မသုံးတော့မှ စာပို့တာ ရပ်သွားတယ်။ ဒီလို စာပို့တာတွေ ဆက်သွယ်ရေးဝန်ကြီးဌာနက အရေး မယူဘူးလားလို့ မေးခွန်ထုတ်ချင်တယ်။”
စလော့ဂိမ်းကစားလို့ အကြွေးနွံနစ်နေသူတွေဟာ အကြွေးဆပ်ရန် လူသတ်ပြီး ငွေကြေးလုကြ သူတွေရှိသလို ငွေရှာမရတဲ့အဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ မူခင်းတွေ ဖြစ်လာနေတယ်လို့ နေပြည်တော်ဒေသခံတယောက်က ပြောပါတယ်။
"ဂိမ်းရှုံးလို့ အကြွေးဆပ်ဖို့ စက်တင်ဘာလ ၁၅ ရက်က မိတ္ထီလာမှာ သူငယ်ချင်းကိုသတ်ပြီး သိန်း ၄၇၀ လုတာ။ မနေ့က ပုဗ္ဗသီရိမှာ ဂိမ်းတွေရှုံးပြီး အကြွေးမဆပ်နိုင်လို့ မိမိကိုယ်ကိုယ် သတ်သေသွားတာတွေက အစိုးရမှာ တာဝန်ရှိတယ်။ ဥပဒေက လျှော့တိလျှော့ရဲဆိုတော့ စလော့ဂိမ်းထောင်တဲ့ သူတွေက ပိုပြီးအတင့်ရဲလာတယ် "လို့ ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေကနေ အွန်လိုင်းဂိမ်းကစားသူနဲ့ တည်ထောင်သူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ကြေညာနေပေမဲ့ လူမှုကွန်ရက် Facebook ၊ Tiktok ၊Telegramနဲ့ Viber တို့မှာတော့ နာမည်ရှိတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ဆယ်လီတွေက ကြေညာနေဆဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇွန် ၄ ရက်အထိ ရန်ကုန်၊ နေပြည်တော်နဲ့ ရွှေဘိုမြိုနယ်မှာ အွန်လိုင်းဂိမ်း တည်ထောင်သူ ၄ ယောက်နဲ့ ဝန်ထမ်းအမျိုးသား၊ အမျိုးသမီး ၈၄ ယောက်သာ ဖမ်း ဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
"လှိုင်သာယာမှာ မိတာ လုပ်ငန်းရှင် တယောက်၊ ဝန် ထမ်း ၇၀။ နေပြည်တော်မှာ လုပ်ငန်းရှင် တယောက်။ ရွှေဘိုမှာ လုပ်ငန်းရှင် ၂ ယောက်၊ ဝန်ထမ်း ၁၄ ယောက်။ အားလုံးက ၈၈ ယောက်။ အမှုက ၃ မှု ပဲ လှိုင်သာယာမှာ မိတဲ့သူတွေဆို ပြန်တောင်လွတ်တော့မယ်။ အွန်လိုင်းဂိမ်းနဲ့ ပတ်သတ်ပြီး ဖမ်းမိတာနည်းတယ်။”
ပြဋ္ဌာန်းထားတဲ့ လောင်းကစားဥပဒေ ၂ ခုစလုံးမှာ ပြစ်မှု၊ ပြစ်ဒဏ်တွေ အလွန်နည်းပါးပြီး အွန်လိုင်းစလော့ဂိမ်း တည်ထောင်သူတွေက ပိုပြီး အတင့်ရဲလာတာလို့ တရားလွှတ်တော်ရှေ့နေ တယောက်က ရှင်းပြပါတယ်။
“၂၀၁၉ ကပြဋ္ဌာန်းထားတဲ့ ဥပဒေအရ ပုဒ်မ ၁၉ (က)နဲ့ အရေးယူမယ်ဆိုရင် ထောင်ဒဏ် ၆ လ ကနေ ၁ နှစ် ဒဏ်ငွေ ၅၀၀၀၀ ကနေ တနှစ်၊ ပုဒ်မ ၁၉ (ခ) နဲ့စွဲ ရင် အများဆုံး ၃ နှစ်။ ၂၀၂၅ မှာ ပြဋ္ဌာန်းတဲ့ ဆိုက်ဘာဥပဒေနဲ့ဆို ပုဒ်မ ၇၁ နဲ့ ဆို ထောင်ဒဏ် ၆ လကနေ တနှစ် ဒဏ်ငွေက ကျပ် သိန်း ၅၀ ကနေ သိန်း ၂၀၀ ဒဏ်ကြေးများလည်း ဒီလိုလူတွေက သိန်းထောင်ချီလည်းပေးနိုင်တယ်။ ပြစ်ဒဏ်ကနည်းတော့ အဖမ်းခံရလည်း ဘာမှမဖြစ်ဘူးဆိုပြီး အွန်လိုင်းဂိမ်းတွေက ပိုပြီးအတင့်ရဲလာတာ။”
အာဏာသိမ်းစစ်တပ်က ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်နဲ့ အွန်လိုင်း လောင်းကစားဂိမ်းတွေကို လွှတ်ပေးထားပေမဲ့ မြန်မာနိုင်ငံတဝန်းမှာတော့ နေ့စဥ်ခိုးမှု ၊ လုယက်မှု၊ လူသတ်မှုတွေအပြင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
“စလော့ဂိမ်းတွေကြောင့် ကျမလို အိမ်ထောင်မကွဲအောင်၊ ဘဝမပျက်အောင်၊ မိသားစုတွေ မပြိုကွဲရအောင် လူတိုင်းကို စေတနာနဲ့ သတိပေးချင်တယ်။ ဘယ်တော့မှ စလော့ဂိမ်းတွေ မဆော့ပါနဲ့ လူဖြစ်ရှုံးမှာပါ သူများ မျက်ရည်ပေါက်ကြီးငယ်ကျမှ ထမင်းစားရတဲ့ စလော့ဂိမ်း လုပ်ငန်းတည်ထောင်တဲ့သူကိုလည်း မုန်းတယ်။ သိရက်နဲ့ မဖမ်းတဲ့သူတွေကို မုန်းတယ်။ စလော့ဂိမ်းတွေကို ကျမ မုန်းတယ်” လို့ ပြောရင်း မျက်ရည်တွေ ဆို့နင့်ကာ မနှင်းမြ တယောက် ကုန်စိမ်းထုပ်ကြီးကိုရွက်ကာ ဈေးရောင်းဖို့ ထွက်သွားပါတယ်။
မြင့်မြတ်သူ




