
ကမ္ဘာ့ ဝင်ငွေအများဆုံးဘောလုံးသမားစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက မက်ဆီထက် ၂ ဆကျော် ပိုများတဲ့ပမာဏနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်အတွက် Fobes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းမှာ စီရော်နယ်ဒိုက အငြင်းပွားဖွယ်မရှိ နံပါတ်တစ်နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့တာပါ။
စီရော်နယ်ဒိုဟာ တချိန်က ကွင်းတွင်းပြိုင်ဘက်က မက်ဆီထက် ၂ ဆကျော်ပိုတဲ့ ဝင်ငွေရရှိနေပြီး တနှစ်အတွင်းမှာ ပေါင် ၂၀၇ သန်း ရှာဖွေနိုင်ခဲ့တာပါ။
မက်ဆီက တနှစ်အတွင်း ဝင်ငွေ ပေါင် ၉၆ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အယ်လ်အစ်တီဟတ် တိုက်စစ်မှူး ဘင်ဇီမာက ပေါင် ၇၇ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။
ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေက ပေါင်သန်း ၇၀ နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပြီး ဟာလန်းက ပေါင် ၅၉သန်း၊ ဗင်နီဆီးယက်စ်က ပေါင် ၄၄ သန်း၊ ဆာလာက ပေါင် ၄၁ သန်း၊ မာနေးက ပေါင်သန်း ၄၀ နဲ့ အစဉ်လိုက် ရပ်တည်ပါတယ်။
ထိပ်ဆုံး ၁၀ ယောက်စာရင်းမှာ အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်က ပေါင် ၃၃ သန်း ဝင်ငွေနဲ့ ပါဝင်လာခဲ့ပြီး ဘာစီလိုနာက စပိန်ကြယ်ပွင့် လာမိန်းယာမဲလ်ဟာလည်း တနှစ်ကို ပေါင် ၃၂ သန်း နဲ့ ထိပ်ဆုံး ၁၀ ယောက် စာရင်းမှာ ပါဝင်ခဲ့ပါတယ်။


