
လိုင်စင်သက်တမ်းတိုး တင်ပြဖို့ ပျက်ကွက်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီကို လိုင်စင်ပိတ်သိမ်းသွားမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ အနေနဲ့ လိုင်စင်သက်တမ်း မကုန်ဆုံးမီ ၂ လကြိုတင်ပြီး သက်တမ်းတိုးခွင့် တင်ပြရမှာဖြစ်ပြီး သက်တမ်းကုန်ဆုံးပြီးရင်လည်း ရက်ပေါင်း ၉၀ မတိုင်မီ တင်ပြရမယ်လို့ ဆိုပါတယ်။
ရက် ၉၀ ကျော်တဲ့အထိ သက်တမ်းတိုး တင်ပြတာမရှိရင် လိုင်စင်ပိတ်သိမ်းခံရမယ်ဆိုပြီး သတိပေး ကြေညာထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အကျိုးဆောင်လိုင်စင်ကို ကာလအကန့်အသတ်နဲ့ ပိတ်ခံထားရတဲ့ အေဂျင်စီတွေလည်း ပုံမှန်အတိုင်း သက်တမ်းတိုးခွင့်ကို သက်တမ်းမကုန်ဆုံးခင် ၂ လကြိုတင်ပြီး တင်ပြရမယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီက ပြည်ပကို အလုပ်သမားစေလွှတ်တဲ့ လုပ်ငန်းစဥ်တွေကို ကန့်သတ်ထိန်းချုပ်ထားလို့ အလုပ်အကိုင် မကောင်းတော့တဲ့အတွက် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ ဆက်ရပ်တည်နိုင်ဖို့ ချိန်ဆနေချိန်မှာပဲ အခုလို သတိပေးချက် ထုတ်လာတာ ဖြစ်ပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “လုပ်ရကိုင်ရတာ အဆင်ပြေအောင် ဖေးမပေးတာ၊ တင်းကျပ်ထားတာတွေကို ဖြေလျှော့ပေးမယ် မရှိဘဲ အရေးယူမယ်ဆိုတဲ့ ဖိအားတွေပဲ ပေးနေတာလေ။ ဒီအခြေအနေအတိုင်းဆို လိုင်စင်ပြန်အပ်ဖို့ပဲရှိတယ်” လို့ ပြောပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီတွေရဲ့ လိုင်စင်သက်တမ်းက တနှစ်ဖြစ်ပြီး အဲဒီ အကျိုးဆောင်လိုင်စင် ရဖို့အတွက် အမြဲတမ်းအာမခံကြေး ကျပ်သိန်း ၅၀၀၊ လိုင်စင်ကြေး ၃ သိန်း၊ ဝန်ဆောင်ခ ကျပ်သိန်း ၂၅၀ ရင်းနှီးပေးသွင်းထားရတာဖြစ်တယ်လို့ အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။
လက်ရှိ ပြည်ပအလုပ်အကိုင်အေဂျင်စီ အကျိုးဆောင်လိုင်စင် ရယူထားတဲ့ ကုမ္ပဏီ ၆၀၀ ကျော်ရှိပြီး အာဏာမသိမ်းခင် ကာလကထက် ၂ ဆနီးပါး တိုးလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီက မတ်လကစပြီး အလုပ်သမားစေလွှတ်တာနဲ့ ပတ်သက်လို့ ကန့်သတ်၊ ထိန်းချုပ်လာတဲ့အတွက် အေဂျင်စီအသစ် ထပ်လျှောက်သူ မရှိတော့ဘဲ လုပ်ငန်းရပ်လိုက်တာတွေ ရှိလာတယ်လို့လည်း သူတို့က ပြောပါတယ်။




