Home
မြန်မာသတင်း
အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားပယ်ချရန် အာဆီယံကို တောင်းဆို  
DVB
·
October 17, 2025
Photo: SAC-M

အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားပယ်ချဖို့နဲ့ ဒါဟာ အာဆီယံအနေနဲ့ စစ်အာဏာသိမ်း ၄ နှစ်ကျော်အတွင်း လုပ်ဆောင်ဖို့ နောက်ဆုံးအခွင့်အရေးတခု ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ကြေညာပါတယ်။

ဒီထုတ်ပြန်ချက်ကိုတော့ ကုလသမဂ္ဂ လူ့အခွင့်ရေးအထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီ၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင် အဗ္ဗဒူလာ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ခွန်ကဆစ်ပီရမ်ယာ၊ ဖိလစ်ပိုင်တရားရေးဌာန အတွင်းရေးမှူးဟောင်း၊ အထက်လွှတ်တော် အမတ်ဟောင်းနဲ့ ဖိလစ်ပိုင်အောက်လွှတ်တော် လက်ရှိအဖွဲ့ဝင်တို့နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင်တွေ အောက်တိုဘာ ၁၄ ရက်နေ့စွဲနဲ့  ပူးပေါင်း ထုတ်ပြန်လိုက်တာပါ။

အခုလအတွင်း မလေးရှားနိုင်ငံမှာ ပြုလုပ်မယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ခုလိုငြင်းပယ်ဖို့နဲ့ မြန်မာနိုင်ငံအပေါ် မဟာဗျူဟာတွေ ပြန်လည်သုံးသပ်သတ်မှတ်ဖို့ တောင်းဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်မှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ရဲ့ ခရီးစဉ်အတွင်းမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့  လွတ်လပ်တရားမျှတမှု၊ ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်စိတ်ချရတဲ့ လုပ်ငန်းစဉ်တွေအတွက် အနိမ့်ဆုံး စံနှုန်းတွေကို ချမှတ်ကာ နိုင်ငံတဝန်း ကျင်းပသင့်ကြောင်းနဲ့ နိုင်ငံရေးပါတီတွေ အားလုံးက ပါဝင်ဆောင်ရွက်သင့်တဲ့အကြောင်း တိုက်တွန်းခဲ့ပါတယ်။

စစ်ကောင်စီကတော့ အဆိုပါခရီးစဉ်နဲ့ ပတ်သက်ပြီး အာဆီယံက မြန်မာရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ထောက်ခံသယောင်နဲ့ မလေးရှားက ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေ စေလွှတ်သွားမယ်လို့ ကတိပြုခဲ့တယ်လို့ လိမ်လည် ဝါဒဖြန့်ခဲ့ပါတယ်။

ဒါဟာ အာဏာသိမ်းစစ်တပ်က တရားဝင်မှုရရှိအောင် ကြိုးပမ်းမှုတရပ်ဖြစ်ကြောင်း  မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)  က ထောက်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်ဆောင်ဖို့ ပျက်ကွယ်ခဲ့မှုဟာ အာဆီယံရဲ့ ကျရှုံးမှုအဖြစ် ဝန်ခံရမှာဖြစ်ပြီးတော့ ဒေသတွင်း နိုင်ငံတွေကြား နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ တိုးပွားလာစေတာ၊ အဖွဲ့ဝင်နိုင်ငံတွေကြား အနာဂတ်ကာလမှာ စစ်အာဏာသိမ်းမှု ပေါ်ပေါက်လာစေဖို့ ခွင့်ပြုစေသလို ဖြစ်တာ၊ ပြည်သူတွေ ရာထောင်ချီသတ်ဖြတ်နေမှုကို လျစ်လျူခဲ့တာတွေနဲ့အတူ အာဆီယံအနေနဲ့ အဖွဲ့အတွင်း အရေးကြီးတဲ့ ဆုံးဖြတ်မှုတွေကို  ဦးဆောင် ထိန်းချုပ်ဖို့ အင်အား ဩဇာမရှိတော့တာတွေ ဖြစ်ပေါ်စေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေက စစ်အာဏာရှင် ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ အရပ်သားတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကနေ  အကာအကွယ်ပေးဖို့နဲ့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် ဆောင်ရွက်ပေးဖို့  အာဆီယံကို တိုက်တွန်း တောင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013