
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်အတွင်းရှိ ရပ်ရွာတွေမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ မဲစာရင်းပေးတဲ့ ကိစ္စရပ်တွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့တွေကို ရပ်တန့်ဖို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၁၅ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
ကော့သောင်းမြို့နယ်ရှိ စစ်ကောင်စီ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ရှမ်းကိုးရွာဒေသထဲက မာရမ်းကျေးရွာနဲ့ လုံးဖောကျေးရွာတို့မှာ စစ်ကောင်စီခန့် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့ကနေ မဲစာရင်းပေးသွင်းတာ၊ ရပ်ရွာတွေမှာ စစ်မှုထမ်းစုဆောင်းပေးပြီး ပေါ်တာကြေးတွေ ကောက်ခံပေးတဲ့ လုပ်ရပ်တွေ ကြားသိထားရကာ ရပ်တန်းကရပ်ကြဖို့ အသိပေး ထုတ်ပြန်လိုက်တယ်လို့ ကော့သောင်းမြို့နယ် ပကဖအဖွဲ့ တာဝန်ခံတယောက်က ပြောပါတယ်။
“ရွာတွေမှာ မဲစာရင်းတွေ ကပ်လာတယ်။ အုပ်ချုပ်ရေးမှူးတွေကို ခြိမ်းခြောက်ပြီး လုပ်ခိုင်းတာရှိသလို တချို့က လိုလိုလားလား လုပ်ပေးတာရှိတယ်။ နောက်ထပ် ဖြစ်လာမှာက ရွာတွေမှာ မဲဆွယ်ခိုင်းတာ၊ လူစုပေးဖို့ ခေါ်တာတွေ ရှိလာမယ်။ နောက်ပြီး ပေါ်တာကိစ္စက တချို့ရွာတွေမှာ ပေါ်တာကြေး ကောက်ခိုင်းတာ၊ အုပ်ကြီးတွေကို ဖမ်းခိုင်းတာတွေ ကြားလာရတယ်။ အတုအယောင် ရွေးကောက်ပွဲတွေ၊ လူငယ်တွေကို ပေါ်တာကြေး ကောက်ပေးတာတွေကို လက်မခံနိုင်ဘူး။ ပြီးတော့ လက်နက်ကိုင်ထားတဲ့ ပျူစောထီးတွေက ကျနော်တို့ကို ပြန်ခြိမ်းခြောက်လာတာကြောင့် စာထုတ်ပြန်လိုက်တာပါ။”
လက်ရှိ ရှမ်းကိုးရွာဒေသက မာရမ်းကျေးရွာရဲ့ ဆေးရုံမှာ မဲစာရင်းလာကပ်ထားတယ်လို့ သိရပြီး ဆေးရုံအနီးဝန်းကျင် တလျှောက်ကိုလည်း မြက်တွေ ရှင်းခိုင်းထားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“မာရမ်းကျေးရွာဆေးရုံမှာ မဲစာရင်းလာကပ်ထားတယ်။ ၁၀ ရက်လောက်ရှိပြီ။ မဲရုံလုပ်မလို့ ဆေးရုံဝန်းကျင်ကို မြက်တွေ ရှင်းခိုင်းထားတယ်။ လုံးဖောရွာမှာလည်း ကပ်ထားတယ်၊ အုပ်ကြီးတွေ ကိုယ်တိုင်လည်း လိုလိုလားလား လုပ်ပေးနေတယ်။”
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ လိုက်ပါကူညီဆောင်ရွက်နေတာတွေ ရပ်တန့်ဖို့နဲ့ စိစစ်တွေ့ရှိပါက လုပ်ထုံးလုပ်နည်းနဲ့အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်ရေးအရှိန် မြင့်တက်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေကို စစ်ရေးသတိထားပြီး ခရီးသွားလာပါက ကားတွေ မှန်ချပြီး မောင်းနှင်ကာ စစ်အုပ်စုယာဥ်တန်းနဲ့ အနီးကပ် မသွားလာဖို့ကိုလည်း အသိပေး တားမြစ်ထားတာကို ထုတ်ပြန်စာမှာ တွေ့ရပါတယ်။