
တောင်ကိုရီးယားအစိုးရဟာ ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းနဲ့ ဖုန်းလိမ်လည်မှုစင်တာတွေမှာ အလုပ်လုပ်ဖို့ သွေးဆောင်ခံထားရတဲ့ သူ့နိုင်ငံသားတွေကို အကူအညီပေးဖို့အတွက် အောက်တိုဘာ ၁၅ ရက်မှာ ပူးတွဲတုံ့ပြန်ရေးအဖွဲ့တဖွဲ့ကို စေလွှတ်မှာဖြစ်ပါတယ်။
အဲဒီအဖွဲ့ကို ဒုနိုင်ငံခြားရေးဝန်ကြီး ဂင်မ်ဂျီနာ ဦးဆောင်ကာ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်ပြီး အရှေ့တောင်အာရှ ကမ္ဘောဒီးယားအခြေစိုက် “ရှုပ်ထွေးတဲ့” လိမ်လည်မှုလုပ်ငန်းထဲမှာ တောင်ကိုရီးယားနိုင်ငံသားတွေ ပါဝင်ပတ်သက်နေမှုအပေါ် ဖြေရှင်းနည်း ရှာဖွေမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြံပေး ဝီဆုန်းလက်က ပြောပါတယ်။
ကမ္ဘာတဝန်းရှိ သားကောင်တွေကို ပစ်မှတ်ထားပြီး ကမ္ဘောဒီးယားမှာ လုပ်ကိုင်လည်ပတ်နေတဲ့ လိမ်လည်လှည့်ဖြားမှုတွေထဲမှာ ပါဝင်ပတ်သက်နေတဲ့ လူမျိုးပေါင်းစုံ လူ ၂ သိန်းလောက်ထဲမှာ တောင်ကိုရီးယားနိုင်ငံသား ၁,၀၀၀ ကျော် ရှိနေတယ်လို့ ဝီဆုန်းလက်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ တောင်ကိုရီးယား ကောလိပ်ကျောင်းသားတယောက် သေဆုံးခဲ့ပြီးနောက်မှာ တောင်ကိုရီးယားအစိုးရက ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ခဲ့တာပါ။
ကောလိပ်ကျောင်းသားဟာ သြဂုတ်လက ကမ္ဘောဒီးယားမှာ အသတ်ခံခဲ့ရပြီး အလုပ်အကိုင် လိမ်လည်မှုနဲ့ ဆက်စပ်နေတယ်လို့ တောင်ကိုရီးယား မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
Source: Reuters


