
ရန်ကုန်တိုင်း၊ အင်းစိန်မြို့ အင်းစိန်အကျဥ်းထောင်ထဲမှာ နိုင်ငံရေးပုဒ်မနဲ့ အကျဥ်းချခံထားရတဲ့ အကျဥ်းသားတချို့ကို အကျဥ်းဦးစီးဝန်ထမ်းတွေက အိပ်ဆောင်ကနေ အပြင်ခေါ်ထုတ်သွားပြီး သံခြေချင်းခတ်ကာ ရိုက်နှက်နှိပ်စက်နေတယ်လို့ အင်းစိန်အကျဥ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဓိက နှစ်ကြီးပြစ်ဒဏ်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ၂ ယောက်တတွဲ ၃ ယောက်တတွဲ ခေါ်ထုတ်ပြီး သံခြေချင်းခတ်ကာ ရိုက်နှက်နေတာလို့ ဆိုပါတယ်။
နိုင်ငံရေးမှုနဲ့ အကျဥ်းချခံထားရသူရဲ့ မိသားစုဝင်တယောက်က “ပြီးခဲ့တဲ့ ၉ လပိုင်းကတည်းက လုပ်နေတာ ၂ ယောက်တတွဲ ၃ ယောက်တတွဲ အပြင်ခေါ်ထုတ်သွားပြီး ခြေချင်းခတ်ပြီး ရိုက်နေတာ၊ နိုင်ငံရေးပုဒ်မနဲ့ နှစ်ကြီးချခံထားရတဲ့သူတွေ အကုန်းလုံးလိုလိုပဲ။ မကွေးထောင်ကနေ ထောင်ပြောင်းပါလာတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုပါ လုပ်နေတာ။ မကွေးထောင်က ထောင်ပြောင်းပါလာသူတွေလည်း အင်းစိန်ထောင်မှာ အတော်များတယ်” လို့ ပြောပါတယ်။
AA ကဆိုတဲ့ ကလေးတယောက်လည်း ဖမ်းခံထားရတာရှိတယ်၊ အင်းစိန်ထောင်ထဲမှာ၊ အဲဒီကလေးကိုလည်း အပြင် ခဏခဏ ခေါ်ထုတ်ပြီး နှိပ်စက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြုလုပ်မယ့် အတုယောင် ရွေးကောက်ပွဲမှာ အင်းစိန်ထောင်အတွင်း အကျဥ်းချခံထားရသူတွေကို ကြိုတင်မဲပေးဖို့ ဖိအားပေး လုပ်ဆောင်နေတာတွေလည်း ရှိနေတယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။