Home
မြန်မာသတင်း
NCA ၁၀ နှစ်ပြည့်ပွဲမတက်ရန် နိုင်ငံတကာသံတမန်များကို EAO  ၆ ဖွဲ့ တိုက်တွန်း
DVB
·
October 14, 2025

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဟာ စစ်အာဏာသိမ်းမှုနဲ့အတူ ဖျက်ဆီးခံလိုက်ရပြီး လမ်းဆုံးနေပြီဖြစ်ကာ အာဏာရှင်စနစ် အဆုံးသတ်ရေးသာ အဖြေဖြစ်တာကြောင့်  ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ သံသမန်တွေအနေနဲ့ ၁၀ နှစ်ပြည့် အခမ်းအနားကို မတက်ရောက်ဖို့ NCA-S EAO တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့က ပူးတွဲတောင်းဆိုလိုက်ပါတယ်။

NCA ကို အမည်ခံပြီး ပြုလုပ်တဲ့ ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်က အတုအယောင် ရွေးကောက်ပွဲတွေဟာ တရားဝင်မှုရချင်တဲ့ စစ်အာဏာရှင်တွေရဲ့ ကြိုးပမ်းမှုသာဖြစ်ပြီး ပြည်တွင်းပဋိပက္ခတွေကို ပိုပြီးရှည်ကြာစေလိမ့်မယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ EAO ၆ ဖွဲ့က အောက်တိုဘာ ၁၃ ရက်စွဲနဲ့ ထုတ်ပြန် အသိပေးခဲ့တာ ဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရသူ ဆလိုင်းထက်နီက “အဓိကတော့ နိုင်ငံတကာကနေ ဒီနွေဦးတော်လှန်ရေးမှာ ကျနော်တို့အတွက် ပြီးတော့ တိုင်းသူပြည်သားတွေအတွက် လုပ်နိုင်တာ အများကြီးရှိပါတယ်။ စစ်ရေးမဟုတ်ရင်တောင် သံတမန်ရေးအရသော်လည်းကောင်း ဘက်ပေါင်းစုံကနေ အဲဒီလို လူ့အခွင့်ရေးကဏ္ဍကနေသော်လည်းကောင်း လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် နိုင်ငံတကာကို ကျနော်တို့ ဒီအချက်အလက်တွေနဲ့ တောင်းဆိုတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက NCA ၁၀ နှစ်ပြည့် အခမ်းအနားနဲ့ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာရှိတဲ့ MICC-1 မှာ အောက်တိုဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ ကျင်းပဖို့ ပြင်ဆင်ထားပြီး နိုင်ငံတကာ သံတမန်တွေကိုပါ ဖိတ်ကြားထားတာ ဖြစ်ပါတယ်။

ဒါကြောင့် EAO ၆ ဖွဲ့က နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ NCA ကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့ စစ်တပ်က ကျင်းပတဲ့ပွဲကို မတက်ရောက်ဘဲ မြန်မာပြည်သူနဲ့ အတူရပ်တည်ကြောင်း ပြသဖို့ တောင်းဆိုခဲ့ပြီး အာဏာရှင်စနစ် အဆုံးသတ်ရေးသာ အဖြေဖြစ်တဲ့အကြောင်း ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အဲတွက်ကြောင့်မို့လို့ ဒါကို နားလည်သဘောပေါက်ကြတဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေရော ပြည်သူလူထုတရပ်လုံးရော နောက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရရောဟာ ဒီအကြမ်းဖက်စစ်တပ် ခင်းပေးထားတဲ့လမ်းကြောင်း မဟုတ်တဲ့ပေါ့နော် တကယ့်ကို စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့ကို အတူတူ သဘောတူညီချက်တွေ ရယူတာတွေ၊ ပြောဆို ဆွေးနွေးကြတာတွေ၊ နောက်ပြီးတော့ ဘယ်လိုပုံစံမျိုးနဲ့ ရှေ့ဆက်သွားကြမယ်ဆိုတဲ့ ကိစ္စတွေကို တိုင်ပင် ဆွေးနွေးလျက် ရှိကြသလို ဆက်လက်ပြီးတော့လည်း ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်ဗျ” လို့ ပြောပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကိုတက်ရောက်ဖို့  အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတကာသံတမန်တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အားလုံးကို တက်ရောက်ဖို့ ဖိတ်ထားသလို ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဖိုရမ်ကိုလည်း ၃ ရက်တာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေဘက်က ပြောပါတယ်။

အဲဒီ ငြိမ်းချမ်းရေးဖိုရမ်မှာ ရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာမယ့် အစိုးရက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်လိုဆက်လက်ဆောင်ရွက်သင့်သလဲ ဆိုတာကို အဓိကထား ဆွေးနွေးကြမှာဖြစ်ပြီး သဘောတူညီချက်တွေလည်း ရယူဖို့ရှိတယ်လို့ ပြောပါတယ်။

အဲဒီဖိုရမ်ကို ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီ ၅၇ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်ပြီး ပထမတကြိမ်ကထက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ပေါ်လာနိုင်တယ်လို့ ထင်မြင်တဲ့အကြောင်း တိုင်းလိုင် ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က ပြောပါတယ်။

ပထမအကြိမ် ငြိမ်းချမ်းရေးဖိုရမ်ကို နေပြည်တော်မှာ ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ  ၃ ရက်တာ ကျင်းပခဲ့တာဖြစ်ပြီး အဲဒီဖိုရမ်ကို အဖွဲ့ ၂ ဖွဲ့ခွဲ ဆွေးနွေးခဲ့သလို အကြံပြုချက် ၁၂ ချက်နဲ့ ရေရှည်ကာလတွေအတွက် အစီအစဉ်တွေ ချမှတ်လုပ်ဆောင်သင့်တဲ့ အချက် ၁၀ ချက် ရရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီတကြိမ်ဆွေးနွေးပွဲကို NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက အာဏာသိမ်းစစ်တပ်နဲ့ ဆက်လက်ပြီး ဆွေးနွေးမှုတွေလုပ်နေတဲ့ အဖွဲ့ ၆ ဖွဲ့က ကိုယ်စားလှယ်အားလုံး တက်ရောက်မှာဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ စစ်ရေး နိုင်ငံရေး အခက်အခဲတွေ ဆွေးနွေးသွားဖို့ရှိတယ်လို့ NCAs-EAO အဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

NCA နဲ့ပတ်သက်ပြီး အဲဒီစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ အဖွဲ့တွေဖြစ်တဲ့ KNU၊ CNF၊ ABSDF၊ PNLO၊  LDU၊ NMSP(AD)  အဖွဲ့တွေဘက်ကတော့ အချက် ၇ ချက်ပါတဲ့ ထုတ်ပြန်ချက်ကို အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် NCA အကောင်အထည်ဖော်မှုတွေက ရပ်ဆိုင်းသွားခဲ့ပြီးဖြစ်သလို စက္ကူစုတ်တခုအဖြစ် ရောက်သွားပြီလို့ ထုတ်ပြန်ပါတယ်။

စစ်ရာဇတ်ဝတ်မှုကို ကျူးလွန်နေတဲ့ စစ်အုပ်စုကို ထောက်ခံရာရောက်တဲ့အတွက် NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာ သံတမန်တွေအနေနဲ့ မတက်ရောက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွေမှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိခဲ့ပါတယ်။

NCA ၁၀ နှစ်မြောက်ပွဲမတက်ဖို့ တိုက်တွန်း ထုတ်ပြန်ခဲ့တဲ့အဖွဲ့တွေထဲမှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့အပြင် မွန်ပြည်သစ်ပါတီ (NMSP- AD) တို့ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းနေတဲ့ NCA လက်မှတ်ထိုးအဖွဲ့တွေကတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ပဲ ဖြစ်ပါတယ်။

စိုးသူအောင်/ အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013