
ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖိုးသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံးမဲဆွယ်ပွဲကို လာမတက်တဲ့ အရပ်သားတွေကို ဒဏ်ငွေရိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲကော်မရှင်က တရားဝင် မဲဆွယ်စည်းရုံး ခွင့်မပြုသေးပေမဲ့ စစ်တပ်ရဲ့ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီကတော့ ဥပဒေကို ဖောက်ဖျက်ပြီး ပါတီခေါင်းဆောင်အပါအဝင် ရပ်ကျေးအဆင့်ပါတီတာဝန်ရှိသူတွေက မဲဆွယ်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီခန့် ဖိုးသာအေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မြင့်အေးက အောက်တိုဘာ ပထမပတ်က ကြံ့ခိုင်ရေးပါတီ မဲဆွယ်စည်းရုံးရေး ဆင်းလာတာကို လာရောက်နားမထောင်တဲ့ အရပ်သားတွေ တအိမ်ထောင် ကျပ် ၃၀,၀၀၀ အထိ ဒဏ်ရိုက်နေတာလို့ သိရပါတယ်။
ဒေသခံ အရပ်သားတယောက်က “အုပ်ကြီး မြင့်အေးက အစည်းအဝေးဆိုပြီး အရပ်သားတွေကို မဲဆွယ်ပွဲခေါ်တာ။ လာတဲ့သူတွေကို အစည်းအဝေးတက်ကြောင်း လက်မှတ်ထိုးခိုင်းပါတယ်။ မလာတဲ့သူတွေကို စာရင်းမှတ်ထားပြီး အခုတော့ ဒဏ်ရိုက်နေတာ။ အကြောင်းအမျိုးမျိုးနဲ့ မလာနိုင်သူတွေကို သက်ညှာမှု လုံးဝမရှိဘူး၊ ဒဏ်ရိုက်တာ” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် ဖိုးသာအေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မြင့်အေးဟာ ကြံ့ခိုင်ရေးပါတီ ဂုဏ်သိက္ခာကျစေမယ့် စကားပြောဆိုတာ၊ မဲဆွယ်ပွဲ မတက်တာနဲ့ တပ်မတော်ကို စော်ကားပြောဆိုတာဟာ နိုင်ငံတော်ကို ဆန့်ကျင်တာပဲဖြစ်လို့ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံရမယ်လို့ပါ ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “မဲဆွယ်ပွဲကို တက်နားထောင်တဲ့သူ များတယ်။ အကြောင်းအမျိုးမျိုးနဲ့ မလာတဲ့သူတွေကိုလည်း ဒဏ်ရိုက်တယ်။ ရွေးကောက်ပွဲက မလုပ်ရသေးဘူး၊ အရပ်သားတွေက အမျိုးမျိုး ဖိအားပေးခံနေရပြီ။ ဒဏ်ငွေကတော့ အုပ်ချုပ်ရေးမှူးက သူလိုအပ်သလို တောင်းယူတာ” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူး မြင့်အေးဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး စစ်မှုထမ်းဥပဒေ ပေါ်လာပြီးနောက် စစ်မှုထမ်း အစားထိုးကြေး၊ စစ်မှုထမ်း ထောက်ပံ့ကြေးတွေ ကောက်ယူနေတဲ့အပြင် လမ်းကြေး၊ ကင်းကြေး၊ ထောက်ခံစာကြေး စတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ကောက်ယူနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။