
၂၀၂၅ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်လ်ဆုကို ဟန်ဂေရီစာရေးဆရာကြီး လာစ်လို ခရာ့စ်နာဟော်ကိုင်းက ဆွတ်ခူးရရှိသွားပါတယ်။
အသက် ၇၁ နှစ်အရွယ် ခရာ့စ်နာဟော်ကိုင်းဟာ သူ့ရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာနဲ့ စိတ်ဓာတ်ကျလောက်စရာ အခြေအနေကို သရော်လှောင်ပြောင် ဖော်ကျူးထားတဲ့ ဝတ္ထုတွေကြောင့် ထင်ရှားသူ ဖြစ်ပါတယ်။
ဆွီဒင်တော်ဝင်အကယ်ဒမီက သူ့ရဲ့ စာပေလက်ရာတွေဟာ ကမ္ဘာပျက်ကပ်လို အခြေအနေတွေ ကြားကနေ အနုပညာရဲ့စွမ်းအားကို ဖော်ကျူးနိုင်ခဲ့တယ်ဆိုပြီး ဂုဏ်ပြုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ထူးခြားတဲ့ အရေးအသားပုံစံကတော့ အလွန်ရှည်လျားတဲ့ ဝါကျတကြောင်းတည်းနဲ့ အတွေးအမြင် အမျိုးမျိုးကို ပေါင်းစပ်ရေးသားနိုင်တာပဲ ဖြစ်ပါတယ်။
သူ့ရဲ့ နာမည်ကြီးစာအုပ်တွေထဲက ‘Satantango’ လို လက်ရာမျိုးတွေကိုလည်း ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
စာရေးဆရာ ခရာ့စ်နာဟော်ကိုင်းဟာ ၂၀၁၅ ခုနှစ်တုန်းကလည်း Man Booker International Prize လို ဂုဏ်သတင်းကြီးတဲ့ဆုကို ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။
စာပေနိုဘယ်လ်ဆုကို ဆွီဒစ်ရှ်အကယ်ဒမီက ချီးမြှင့်တာဖြစ်ပြီး အကြိမ်ရေ ၁၁၇ ကြိမ် ချီးမြှင့်ရာမှာ စာရေးဆရာ ၁၂၁ ယောက် ရရှိခဲ့ပါတယ်။ မနှစ်ကတော့ တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန်းက ဆွတ်ခူးခဲ့ပါတယ်။
အောက်တိုဘာ ၁၀ ရက် ဒီနေ့ညနေမှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ကြေညာမှာဖြစ်ပြီး တနင်္လာနေ့မှာတော့ စီးပွားရေးသိပ္ပံဆုကို ဆက်လက်ကြေညာသွားမှာ ဖြစ်ပါတယ်။