Home
နိုင်ငံတကာ
အိန္ဒိယ၊ ပိုလန်နှင့် ဟန်ဂေရီ အာကာသယာဉ်မှူးများ ISS စခန်းသို့ ထွက်ခွာ
DVB
·
June 26, 2025
Photo: SPACEX

အမေရိကန်ဦးဆောင်ပြီး အိန္ဒိယ၊ ပိုလန်နဲ့ ဟန်ဂေရီနိုင်ငံက အာကာသယာဉ်မှူးတွေ ပထမဆုံး ပါဝင်လာတဲ့ Axiom Mission ဟာ နိုင်ငံတကာအာကာသစခန်း (ISS) ကို ဦးတည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

Ax-4 လို့ အမည်ပေးထားတဲ့ အဲဒီမစ်ရှင်အရ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ကနေဒီ အာကာသ စင်တာကနေ SpaceX ရဲ့ အသစ်စက်စက် Crew Dragon အာကာသယာဉ်ကို Falcon 9 ဒုံးပျံထိပ်မှာတင်ပြီး လွှတ်တင်ခဲ့တာပါ။

ဇွန် ၂၅ ရက် မနက်အစောပိုင်းက လွှတ်တင်ခဲ့တဲ့ Ax-4 မစ်ရှင်ဟာ ၂၆ နာရီအတွင်း  ISS စခန်းကို ဆိုက်ကပ်နိုင်မှာဖြစ်ပြီး အာကာသယာဉ်မှူး ၄ ယောက်အထိ ပါဝင်ပါတယ်။

အခုလိုမျိုး လိုက်ပါသွားတဲ့ အာကာသယာဉ်မှူးတွေဟာ အိန္ဒိယနိုင်ငံသား ရှူဘဟန်ရှူ ရှူကလာ၊ ဟန်ဂေရီနိုင်ငံသား တီဘော ကာပူ နဲ့ ပိုလန်နိုင်ငံသား ဆွာဗို့ချ် အူဇနိုက်ရင်စကီး ဗစ်ညက်စကီး တို့ပဲ ဖြစ်ပါတယ်။

အဲဒီအမျိုးသား ၃ ယောက်နဲ့အတူ အမေရိကန်နိုင်ငံသူ အာကာသယာဉ်မှူးဟောင်း ပက်ဂ်ဂီ ဝစ်တ်ဆင် ကလည်း ISS စခန်းပေါ်မှာ ၁၄ ရက်ကြာ နေထိုင်ပြီး သိပ္ပံနည်းကျ စမ်းသပ်မှုပေါင်း ၆၀ ကျော်ကို လက်တွဲလုပ်ကိုင်သွားမှာပါ။

ဒါ့အပြင် ပက်ဂ်ဂီဟာ အာကာသထဲမှာ ရက်ပေါင်း ၆၇၅ ရက်ကြာ နေထိုင်ခဲ့ဖူးတဲ့ ဝါရင့်ယာဉ်မှူးဟောင်း ဖြစ်သလို ၂၀၀၇ မှာလည်း ISS ရဲ့ ပထမဆုံးသော အမျိုးသမီးအုပ်ချုပ်သူအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

အခုတခေါက် အာကာသယာဉ်ကို မောင်းနှင်ခဲ့တဲ့ ကပ္ပတိန် ရှူဘဟန်ရှူ ရှူကလာ ကတော့ ISS စခန်းရှိရာဆီ ပထမဆုံးအကြိမ်နဲ့ အာကာသအထိ ဒုတိယမြောက် ရောက်လာခဲ့တဲ့ အိန္ဒိယနိုင်ငံသားလည်း ဖြစ်ပါတယ်။

ဒါဟာ ၁၉၈၄ ခုနှစ်မှာ ဆိုးယုဇ် ရုရှား အာကာသယာဉ်နဲ့အတူ ပထမဆုံး အာကာသထဲ ရောက်ခဲ့တဲ့ အိန္ဒိယယာဉ်မှူး ရာကေ့ရှ် ရှာမာ ပြီးရင် ၄၁ နှစ်အကြာမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကတော့ အာကာသဆိုင်ရာ ကိုယ်ပိုင်အစီအမံတွေကို ကြေညာခဲ့ဖူးပြီး ၂၀၂၇ ခုနှစ်မှာ ပထမဆုံး လူပါဝင်မယ့် အာကာသခရီးစဉ်၊ ၂၀၃၅ အရောက်မှာ အာကာသစခန်းတခု တည်ဆောက်နိုင်ဖို့နဲ့ ၂၀၄၀ ပြည့်နှစ်မှာ လကမ္ဘာဆီ ယာဉ်မှူးတယောက် စေလွှတ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

Ax-4 ဟာ ဟူစတန်မြို့အခြေစိုက် Axiom Space ပုဂ္ဂလိကကုမ္ပဏီရဲ့ စီးပွားဖြစ်မစ်ရှင်တခု ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံတွေရဲ့ အာကာသအေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013