
အခုနှစ် ဇန်နဝါရီ နှောင်းပိုင်းကစလို့ ဆက်တိုက်အကျဖြစ်ခဲ့တဲ့ ဒေါ်လာဈေးက လက်ရှိမှာတော့ အနည်းငယ်ပြန်လည်မြင့်တက်လာတယ်လို့ ဈေးကွက်စောင့်ကြည့်လေ့လာသူတချို့က ပြောပါတယ်။
အမေရိကန်ဒေါ်လာဈေးဟာ မကြာသေးခင်ရက်ပိုင်းက တဒေါ်လာကို ကျပ် ၄,၀၀၀ ဝန်းကျင်ထိ ပြန်ကျနေခဲ့ပေမယ့် ဒီနေ့ အောက်တိုဘာ ၈ ရက် မှာ တဒေါ်လာကို ၄,၀၉၀ ကျပ် ဝန်းကျင်အထိ ရောက်ရှိလာပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဒေါ်လာဈေးကျဆင်းမှုနဲ့အတူ ပြည်တွင်းရွှေဈေးဟာလည်း တကျပ်သားကို ကျပ် ၇,၉၃၀,၀၀၀ ဝန်းကျင်ထိ ပြန်လျော့ကျလာပါတယ်။
ခုရက်ပိုင်းမှာတော့ ဒေါ်လာဈေးအနည်းငယ်ပြန်တက်လာသလို ရွှေဈေးဟာလည်း အခေါက်ရွှေ တကျပ်သားကို ကျပ် ၈၁ သိန်းအထက်အထိ မြင့်တက်နေပါတယ်။
တဖက်မှာလည်း ကမ္ဘာ့စီးပွားရေး မသေချာ မရောရာမှုတွေနဲ့ ပထဝီနိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် နိုင်ငံတကာ ရွှေဈေးနှုန်းကလည်း ဒီနေ့ အောက်တိုဘာ ၈ ရက်မှာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၄,၀၄၀ ထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
ကမ္ဘာ့ရွှေဈေးက တရက်အတွင်း ၁ အောင်စကို ဒေါ်လာ ၅၀ ကျော်အထိ တက်ခဲ့ပေမဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးကတော့ မနေ့က အတိုင်းကျပ် ၅,၉၉၀,၀၀၀ ဈေးဆက်ဖွင့်ထားတာ တွေ့ရပါတယ်။