ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အလုံး ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းထဲမှာ မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် လူနေအိမ် ၁၈ လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၁၆ လုံး အမိုးလန် ပျက်စီးခဲ့ကာ အိမ်ထောင်စု ၃၄ မှာရှိတဲ့ ဒေသခံတွေ လေဘေးဒဏ်ခံစားခဲ့ရတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနဲ့နီးစပ်သူက “ပြီးခဲ့တဲ့လအတွင်း တောင်တရုတ်ပင်လယ်ပြင်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် မိုးသက်လေပြင်းတိုက်ခတ်မှု အဖြစ်များခဲ့တယ်။ တစိတ်တပိုင်း ပျက်စီးတဲ့အိမ်က နည်းတယ်။ ပျက်စီးမှုဖြစ်ခဲ့တဲ့အိမ်တွေက အစုံပါပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တလအတွင်း ဧရာဝတီတိုင်းထဲ လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် မအူပင်ခရိုင်မှာ နေအိမ် ၄ လုံး၊ ကျုံပျော်ခရိုင်မှာ နေအိမ် ၅ လုံး၊ လပွတ္တာခရိုင်မှာ နေအိမ် ၄ လုံး၊ မြောင်းမြခရိုင်မှာ ၆ လုံး၊ ပုသိမ် ခရိုင်မှာ နေအိမ် ၅ လုံး၊ ဟင်္သာတခရိုင်က နေအိမ် ၇ လုံး၊ ဖျာပုံခရိုင်မှာ နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးခဲ့တာလို့ သိရပါတယ်။
သာပေါင်းမြို့နယ် ဒေသခံတယောက်က “အိမ်က လုံးဝပြိုကျသွားတာပါ။ ပျက်စီးခဲ့တဲ့အိမ်တွေက အစုံပဲ။ ရုတ်တရက်ဆိုသလို လေပြင်းဒဏ်ကြောင့် ပျက်စီးသွားတာ။ လောလောဆယ် ယာယီတဲထိုးနေနေရတယ်။ လူတွေထိခိုက်တာ မရှိပါဘူး။ လုံးဝပြိုကျတဲ့အိမ်တွေက ဘာမှကို ပြန်မရတော့ဘူး။ သက်ဆိုင်ရာက ငွေနဲ့အသုံးအဆောင်ပစ္စည်းတချို့ ထောက်ပံ့ပေးပါတယ်။ အိမ်အသစ်တလုံးရဖို့ မလောက်ငပါဘူး” လို့ ပြောပါတယ်။
နေအိမ်တွေ ပျက်စီးခဲ့ရတဲ့ လေဘေးသင့် ဒေသခံတွေဟာ နီးစပ်ရာဆွေမျိုးတွေနဲ့ အသိမိတ်ဆွေတွေရဲ့ အိမ်တွေမှာ ယာယီပြောင်းရွှေ့နေကြသလို ယာယီတဲ ထိုးနေနေရသူတွေလည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃၀ ကျော် ပျက်စီးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။