
ဗင်နီဇွဲလားမြို့တော် ကရာကာ့စ်ရှိ အမေရိကန်သံရုံးမှာ ဖောက်ခွဲရေးပစ္စည်းတွေ ထားရှိဖို့ ဒေသတွင်း အစွန်းရောက် အကြမ်းဖက်အဖွဲ့တဖွဲ့ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အစိုးရဟာ ဝါရှင်တန်ကို သတိပေးထားကြောင်းနဲ့ သံရုံးတဝိုက်ကိုလည်း လုံခြုံရေး အားဖြည့်ပေးထားကြောင်း ဗင်နီဇွဲလားသမ္မတ နိကိုလပ်စ် မာဒူရိုက အောက်တိုဘာ ၆ ရက်မှာ ပြောပါတယ်။
ဗင်နီဇွဲလား စေ့စပ်ညှိနှိုင်းရေးမှူး ဟော်ရ်ဟဲရိုဒရီဂွက်ဇ်က တိုက်ခိုက်မှုကို ပြင်ဆင်နေကြတဲ့ သက်ဆိုင်သူတွေနဲ့ သူတို့ရဲ့နေရာတွေကို အမေရိကန်အစိုးရကို တရားဝင် အကြောင်းကြားထားကြောင်းလည်း မာဒူရိုက ပြောကြားခဲ့ပြီး ဗင်နီဇွဲလား အာဏာပိုင်တွေဟာ သံသယရှိသူတွေကို ဗင်နီဇွဲလားပိုင်နက်ထဲမှာ လိုက်ရှာနေကြောင်းလည်း ဆိုပါတယ်။
အဲဒီ အကွက်ချကြံစည်မှုဟာ အရှုပ်အထွေးတွေကို လှုံ့ဆော်ပြီးတော့ သူ့အစိုးရကို အပြစ်တင်ဖို့ ရည်ရွယ်ထားတဲ့ လှည့်ကွက်တခုပဲဖြစ်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုးမြင့်လာစေနိုင်တယ်လို့ ဗင်နီဇွဲလားသမ္မတက ပြောပါတယ်။
ဆိုးရွားလွန်းတဲ့ ဒီခြိမ်းခြောက်မှုဟာ ပြည်တွင်း လက်ယာယိမ်းသမားတွေရဲ့ အစွန်းရောက်အဖွဲ့တွေက ပြင်ဆင်ထားတဲ့ အတုအယောင်လှည့်ကွက်ပဲ ဖြစ်တယ်လို့ ရိုဒရီဂွက်ဇ်က အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်ဖို့ အဓိကထား လုပ်ဆောင်နေတဲ့ ကရစ်ဘီယံဒေသမှာ အမေရိကန်စစ်တပ်ကို အင်အားကောင်းကောင်း တပ်ဖြန့်ချထားချိန်မှာ ဒီထုတ်ပြန်ချက် ထွက်ပေါ်လာတာဖြစ်ပြီး ဗင်နီဇွဲလားအစိုးရကတော့ ဒါဟာ မာဒူရိုကို အာဏာကနေ ဖယ်ရှား ဖြုတ်ချဖို့ ရည်ရွယ်ထားတဲ့ စစ်ဆင်ရေးဖြစ်တယ်လို့ အခိုင်အမာ ဆိုထားပါတယ်။
Source: Reuters