ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ ဝဏ္ဏသိင်္ဂီလမ်းရှိ နဒီဧရာ (အရက်ဖြူအရောင်းဆိုင်) မှာ မီးလောင်မှုဖြစ်ပွားပြီး ဘေးချင်းကပ်မှာရှိတဲ့ ဆိုင်ခန်း ၁၄ ခန်းထက်မနည်း မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးလောင်မှုဟာ အောက်တိုဘာ ၅ ရက် မနေ့ည ၁၀ နာရီ မိနစ် ၃၀ လောက်က အမှတ် ၅ ရပ်ကွက်၊ ဝဏ္ဏသိင်္ဂီလမ်းရှိ နဒီဧရာ (အရက်ဖြူအရောင်းဆိုင်) မှာ အရက်ပုလင်းတွေ ထည့်ထားတဲ့ သစ်သားပုံးပေါ်မှာ ဖယောင်းတိုင်မီး ထွန်းထားရာက ဖယောင်းတိုင်လဲကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိရှိသူတယောက်က “အရက်ဆိုင်ကနေ မီးစလောင်တာ။ မီးလောင်အားကောင်းတော့ ဘေးပတ်ပတ်လည်က ဆိုင်ခန်းတွေ မီးလောင်တဲ့အထဲ ပါသွားတာ” လို့ ပြောပါတယ်။
အဲဒီ မီးလောင်မှုကြောင့် အရက်ဆိုင်နဲ့ တဆက်တည်း တည်ရှိတဲ့ စားသောက်ဆိုင်၊ သနပ်ခါးဆိုင်၊ ကုန်ခြောက်ဆိုင် အပါအဝင် ပေ ၂၀ ကျော်ပတ်လည်ရှိ ဈေးဆိုင်ခန်း ၁၅ ခန်း မီးလောင်ကျွမ်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမူကူညီရေးအသင်းတွေ၊ ရပ်ကွက်နေပြည်သူတွေက မီးငြှိမ်းသတ်ယာဉ်နဲ့ ရေသယ်ယာဉ်တွေ ၁၃ စီးလောက် အသုံးပြုကာ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကူညီဆောင်ရွက်ပေးသူတယောက်က “မီးလောင်ကျွမ်းမှုကြောင့် လူနဲ့ တိရစ္ဆာန်တွေ အသက်ထိခိုက်မှု မရှိပါဘူး။ ဆုံးရှုံးတဲ့တန်ဖိုးကို သက်ဆိုင်ရာက စစ်ဆေးတွက်ချက်နေပါတယ်” လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ် ပိုင်ရှင် ဦးအောင်မျိုးထက်ကို ပုသိမ်နယ်မြေရဲစခန်းက ပုဒ်မ (၂၈၅)၊ ပ - ၁၁၂/၂၀၂၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။