စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ လောင်းပြည့်ရွာ ကျွန်းမြေမှာ ရွှေတူးဖော်တာမလုပ်ဖို့ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ကို ရွာသားတွေက အောက်တိုဘာ ၂ ရက်မနက်ပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။
လောင်းပြည့်ရွာ ကျွန်းမြေဟာ မင်းကင်းမြို့ အောက်ဘက် ချင်းတွင်းမြစ်ကမ်းဘေးမှာတည်ရှိပြီး ဒေသခံတွေ အားလုံးအတွက် သီးနှံစိုက်ပျိုးစားသောက်နေတဲ့ ကျွန်းမြေဖြစ်လို့ ရွှေတူးဖော်တာ မလုပ်ဖို့ ရွာသားတွေက ဆန္ဒပြတောင်းဆိုတာလို့ သိရပါတယ်။
လောင်းပြည့်ရွာသားတယောက်က “ဒီကျွန်းမြေက ကျနော်တို့ အိမ်ထောင်စု ၂,၀၀၀ ကျော် မှီခိုအားထားနေရတဲ့ ကျွန်းကြီးပါဗျ။ ဒီကျွန်းကြီးက ကျနော်တို့ အဘိုးအဘွားလက်ထက်ကတည်း မှီခိုအားထား လုပ်ကိုင်စားသောက် နေကြရတဲ့ ကျွန်းကြီးပါဗျာ။ ဒါကို ရွှေမျှောမောင်းကြမယ်ဆိုရင် ကျနော်တို့ရွာ ကမ်းပါးပြို၊ ရေတိုက်စားမှုဒဏ်၊ ရေကြောင်းပြောင်းလဲမှုဒဏ်၊ ဒေသခံတွေအတွက်ရေရှည်မှာ စိုက်ပျိုးလုပ်ကိုင်စားသောက်စရာ မရှိဖြစ်ကြရမယ်။ အခုဟာက စီးပွားရးသမားတွေရဲ့ ရွှေရရှိရေး တမျိုးပဲကြည့်ပြီး ရွှေမျှောမောင်းသွားကြမယ်ဆိုရင် နောင်ဖြစ်လာမယ့် သဘာဝအန္တရာယ်အားလုံးကို ကျနော်တို့ ဒေသခံတွေကပဲ ခံကြရမယ်။ ဒါကြောင့်အခုလို ရွှေမျှော မောင်းမှာကို ဆန့်ကျင်ဆန္ဒပြကြရတာပါ” လို့ ပြောပါတယ်။
ဒေသခံပြည်သူတွေဟာ “ပြည်သူ့ဆန္ဒနဲ့မညီတဲ့ လောင်းပြည့်ကျွန်းပေါ် ရွှေမျှောမောင်းခြင်း အလိုမရှိ၊ ခရိုနီနဲ့ပေါင်း ရွှေမျှောမောင်း၊ အာဏာရှင်လက်သစ် အလိုမရှိ” ဆိုတဲ့ စာတန်းပါအလံ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
မင်းကင်းမြို့နယ်ပအဖ ဦးဝင်းမင်းစိုးက “ဒီလုပ်ငန်းက ကျနော်တို့အနေနဲ့ တာဝန်ခံပြီး လုပ်တာမဟုတ်ပါဘူး။ ဒါက တပ်ရင်းတပ်ဖွဲ့တွေ အနေနဲ့ တိုက်ခိုက်ရေးရန်ပုံငွေအတွက် ရွှေမျှောလေးလုပ်ချင်ပါတယ်လို့ ကျနော်တို့ဆီ စာတင်လာတယ်။ အဲတာကို ကျနော်တို့က သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းတုန်းပဲ ရှိပါသေးတယ်”လို့ ပြောပါတယ်။
မင်းကင်းမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အမျိုးသမီးတယောက် အဓမ္မပြုကျင့်ခံရတာနဲ့ ပတ်သက်ပြီး စမြောက်ချွန်းရွာ ပလဖတာဝန်ခံကို ဒေသခံပြည်သူတွေက ဆန္ဒပြခဲ့ကြပါသေးတယ်။