Home
နိုင်ငံတကာ
ထရမ့်ပ်၏ အကောင့်ကို ဆိုင်းငံ့ခဲ့မှုအတွက် YouTube က ဒေါ်လာ ၂၄ သန်းခွဲ ပေးဆောင်မည်
DVB
·
October 1, 2025
Photo: REUTERS/Nathan Howard

အမေရိကန်နိုင်ငံစုံနည်းပညာလုပ်ငန်းစု ဦးပိုင်ကုမ္ပဏီကြီးဖြစ်တဲ့ Alphabet က ပိုင်ဆိုင်တဲ့ YouTube ဗီဒီယိုဝက်ဘ်ဆိုက်ဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက အမေရိကန်လွှတ်တော် အဓိကရုဏ်းအပြီးမှာ သမ္မတထရမ့်ပ်ရဲ့ အကောင့်ကို ဆိုင်းငံ့ထားမှုနဲ့ပတ်သက်ပြီး အလ်ဖာဘတ်ကုမ္ပဏီကို ထရမ့်ပ်က တရားစွဲထားမှုကို ဖြေရှင်းဖို့ ဒေါ်လာ ၂၄ သန်းခွဲ ပေးဆောင်မယ်လို့ သဘောတူခဲ့ကြောင်း စက်တင်ဘာ ၂၉ ရက် တရားရုံးအမှုဖိုင်မှာ မြင်တွေ့ရပါတယ်။

နည်းပညာမြင့် ကုမ္ပဏီကြီးရဲ့ ဆင်ဆာဖြတ်တောက်မှုမှာ အကျိုးဆက်တွေရှိနေတယ် ဆိုတာကို ဒီအောင်ပွဲကြီးက သက်သေပြနေပါတယ်လို့ ထရမ့်ပ်က သူ့ရဲ့ ထရုသ်ဆိုရှယ် အကောင့်မှာ ရေးထားပါတယ်။ 

ဒီသဘောတူညီချက်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ထရမ့်ပ် တရားစွဲဆိုခဲ့တဲ့ အမှုတွေကို ဖြေရှင်းရတဲ့ နည်းပညာကုမ္ပဏီကြီး ၃ ခုမှာ နောက်ဆုံးဖြစ်လာတဲ့အမှု ဖြစ်ပါတယ်။ ထရမ့်ပ်က အဲဒီကုမ္ပဏီကြီးတွေဟာ ကွန်ဆာဗေးတစ် အမြင်သဘောာထားတွေကို ဥပဒေမဲ့ နှုတ်ပိတ်ခြင်းလို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ အခုခါ X လို့ လူသိများနေပြီဖြစ်တဲ့ တွစ်တာ၊ ဖေ့စ်ဘွတ်ခ်ပိုင်ရှင် Meta နဲ့ Alphabet ရဲ့ ဂူးဂဲလ် ကုမ္ပဏီတွေအပြင် သူတို့ရဲ့ အမှုဆောင်အရာရှိချုပ်တွေကို  ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ တရားစွဲခဲ့ပါတယ်။

Meta  နဲ့ X တို့ဟာ တရားစွဲဆိုမှုတွေကို ဖြေရှင်းဖို့အတွက် ငွေကြေး ပေးဆောင်ဖို့ အခုနှစ်အစောပိုင်းက သဘောတူညီခဲ့ကြပါတယ်။ 

YouTube သဘောတူညီချက်အရ ဒေါ်လာ ၂၂ သန်းကို ထရမ့်ပ်ကိုယ်စား Trust for the National Mall အဖွဲ့ကို ပေးသွားမှာဖြစ်ပြီး အဲဒီ အကျိုးအမြတ်မယူတဲ့အဖွဲ့ဟာ အိမ်ဖြူတော်မှာ ထရမ့်ပ် ဆောက်လုပ်နေတဲ့ သန်း ၂၀၀ တန် အခမ်းအနားကျင်းပတဲ့ ခန်းမကြီးတခုအတွက် ရည်စူးထားကြောင်း အမှုဖိုင်မှာ မြင်တွေ့ရပါတယ်။

ထရမ့်ပ်ဟာ ၂၀၂၁ ခုနှစ်က သူ့ရဲ့ YouTube အကောင့်ကို မဆုံးရှုံးခဲ့ရပေမဲ့ ဇန်နဝါရီ ၆ ရက်က ကက်ပီတိုလ် အဓိကရုဏ်းအပြီးမှာ ဗီဒီယိုအသစ်တွေ တင်ခြင်းမှ ရပ်ဆိုင်းခံခဲ့ရတာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာမှ ပြန်လည်ရရှိခဲ့ပါတယ်။

ဇန်နဝါရီလမှာ Meta က ဒေါ်လာ ၂၅ သန်း ပေးဆောင်ဖို့ သဘောတူခဲ့ပြီး ဖေဖော်ဝါရီလမှာ  X လူမှုကွန်ရက်ဟာ ဒေါ်လာ ၁၀  သန်း ပေးဆောင်ခဲ့ကာ ထရမ့်ပ်ရဲ့ အလားတူ တရားစွဲဆိုမှုတွေကို ဖြေရှင်းခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013