Home
နိုင်ငံတကာ
သမ္မတထရမ့်ပ်၏ ပြောစကားအပေါ်  ဇလန်းစကီး ချီးကျူး 
DVB
·
September 25, 2025
Photo: Reuters

ယူကရိန်းက ရုရှားဆီက သူ့မြေအားလုံးကို ပြန်သိမ်းယူနိုင်တယ်ဆိုပြီး သမ္မတထရမ့်ပ်ရဲ့ပြောစကားဟာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက စက်တင်ဘာ ၂၃ ရက်မှာ ချီးကျူးပြောလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းအစိုးရဟာ ရုရှားက သိမ်းပိုက်ထားတဲ့ နယ်မြေအားလုံးကို ပြန်သိမ်းယူနိုင်မယ်လို့ ယုံကြည်ပြီး ယူကရိန်းဟာ စီးပွားရေးပြဿနာ ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ ရုရှားအပေါ် အခု အရေးယူဆောင်ရွက်သင့်တယ်လို့ ပြောလိုက်တဲ့ အပေါ် ဇလန်းစကီးက ချီးကျူးပြောဆိုခဲ့တာပါ။

ဒါပေမဲ့ ရုရှားအစိုးရ အပေါ် ကြီးလေးတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့ ဆုံးဖြတ်ချက်လိုမျိုး အမေရိကန်ရဲ့ မူဝါဒမှာ ကြီးကြီးမားမား အပြောင်းအလဲနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် ထရမ့်ပ်ရဲ့စကားတွေက ရှင်းရှင်းလင်းလင်း မရှိနေပါဘူး။

ငြိမ်းချမ်းရေးရဖို့အတွက် နယ်မြေတွေ စွန့်လွှတ်ဖို့ ထရမ့်ပ်က ယူကရိန်းကို အရင်က အကြံပြုခဲ့ဖူးပါတယ်။ ဇလန်းစကီးက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စခဲ့တဲ့ စစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းမှုမှာ ပါဝင်ရေး ရုရှားအပေါ် ပိတ်ဆို့အရေးယူတဲ့ ဖိအားတွေကို အရှိန်မြှင့်ဖို့ အမေရိကန်ကို တိုက်တွန်းထားပြီး၊ ကုလသမဂ္ဂမှာလည်း ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပါတယ်။ 

ယူကရိန်း ခေါင်းဆောင်ဟာ ထရမ့်ပ်နဲ့ တွေ့အပြီးမှာ ကောင်းမွန်ပြီး၊ အပြုသဘောဆောင်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပေမဲ့ သူတို့ ပြောဆိုချက်ရဲ့ အကြောင်းအရာများစွာကို အသေးစိတ်ဖော်ပြဖို့ ငြင်းဆိုခဲ့ပါတယ်။

ရုရှားရဲ့ တုန်လှုပ်ချောက်ချားနေတဲ့ စီးပွားရေးအခြေအနေကို ဆွေးနွေးခဲ့ပြီး စစ်ပွဲပြီးဆုံးချိန်မှာ ယူကရိန်းကို လုံခြုံရေးအာမခံချက်ပေးဖို့ ထရမ့်ပ်က အဆင်သင့်ရှိတဲ့အကြောင်း နားလည်ထားတယ်လို့ ဇလန်းစကီးက အင်္ဂါနေ့မှာ ပြောပါတယ်။

ထရမ့်ပ်ဟာ စစ်ပွဲအတွင်း ယူကရိန်းအတွက် ‘ကစားကွက် ပြောင်းလဲသူ’ ဖြစ်ဖို့ သြဇာအာဏာရှိပြီး တရုတ်က ရုရှားအပေါ် လွှမ်းမိုးမှုကို ဆက်ထိန်းထားတယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့လက အလက်စကာမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အတွက် ကော်ဇောနီခင်းပြီး ကြိုဆိုတဲ့ ထရမ့်ပ်ရဲ့ အပြုအမူနဲ့ လေသံက အကြီးအကျယ် ခြားနားနေပြီး ယူကရိန်းမှာ ရုရှားရဲ့စစ်ပွဲကို အရှိန်မြှင့်ဖို့ တွန်းအားပေးမှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024