
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ ခွာနာလျှာနာရောဂါတွေ ဖြစ်ပွားနေပြီး သေဆုံးမှုတွေ မြင့်တက်နေသလို ထိန်းချုပ် ကုသမှုတွေ မလုပ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၂ ရက်ကစပြီး စက်တင်ဘာ ၂၉ ရက်အထိ ပွင့်ဖြူမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာ ၃၂ ရွာမှာ ခွာနာလျှာနာရောဂါကြောင့် ခိုင်းနွားအကောင်ရေ ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ နွားတွေဟာ တကောင်ကို ကျပ်သိန်း ၄၀ ဝန်းကျင် တန်ဖိုးရှိပြီး တောင်သူတွေအတွက် ဆုံးရှုံးမှုများနေတယ်လို့ ဆိုပါတယ်။
ကျွဲ၊ နွားတွေ ဖြစ်ပွားနေတဲ့ ရောဂါတွေကို ကုသဖို့အတွက် ဆေးဝါးနဲ့ ဆရာဝန် မရှိတာကြောင့် ရောဂါမထိန်းချုပ်နိုင်ဘဲ ကူးစက်မှု ပိုများနေတယ်လို့ သိရပါတယ်။
ပွင့်ဖြူမြို့နယ်မှာ ကန်သင်းမိုးရွာသွန်းမှုကြောင့် ချောင်းရေတွေ မြင့်တက်နေပြီး နွားခြံတွေ စိုစွတ်နေတာကလည်း ရောဂါကူးစက်ပျံ့နှံ့စေတဲ့ အကြောင်းအရင်းဖြစ်နေတယ်လို့ ပြောကြပါတယ်။
ပွင့်ဖြူမြို့နယ် အောက်ပိုင်းကျေးရွာတွေမှာ သေချာကုသပေးမယ့် တိမွေးကု ဆရာဝန် မရှိတာကြောင့် သေဆုံးမှုများနေတာလို့လည်း ဆိုပါတယ်။
ပွင့်ဖြူမြို့နယ် ဒေသခံတယောက်က “နွားတွေရော၊ ဆိတ်တိုက်တွေဆိုရင် တတိုက်လုံးနီးပါးကို ခွာနာလျှာနာဖြစ်နေတဲ့ အနေအထားဖြစ်နေတယ်။ ဒါကို ကုသဖို့ အခက်အခဲဖြစ်နေတယ်။ တောင်သူကြီးတွေမှာ ဆေးဝါးပိုင်းရော ဆရာဝန်ပိုင်းရော အခက်အခဲဖြစ်နေတာ။ နောက်တခုက ကျနော်တို့ မြို့နယ်တွေမှာက ကန်ဆင်းမိုးခေါ်တဲ့ ငါးဆင်းမိုးရွာထားတော့ ချောင်းရေတွေ တက်နေတယ်။ နွားခြံတွေကလည်း စိုစွတ်ပြီးတော့ ခြောက်သွေ့မှုမရှိဘူး။ မရှိတော့ ရောဂါပိုးက ကုသမှုပိုင်းရော ထိန်းချုပ်မှုပိုင်းရော မလုပ်နိုင်တဲ့အတွက်ကြောင့်မလို့ တောင်သူတွေရဲ့ နွားတွေ ဆိတ်တွေဟာ နေ့စဉ်နဲ့အမျှ သေဆုံးနေပါတယ်” လို့ ပြောပါတယ်။
ခွာနာလျှာနာရောဂါဟာ ခြေလေးချောင်းရှိပြီး ခွာကွဲတိရစ္ဆာန်များဖြစ်တဲ့ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက်တွေမှာ အဓိကဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။
ကျွဲ၊ နွားတွေမှာ ကိုယ်အပူချိန်တက်တာ၊ အစာမစားဘဲ ငေးမှိုင်သွားတာ၊ သွားကြိတ်တာ၊ သွားရည်ကျတာ စတဲ့လက္ခဏာတွေ ဖြစ်ပွားပြီး ရောဂါပြင်းထန်တဲ့အခါ အနာတွေဖြစ်ပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ခွာနာလျှာနာရောဂါဟာ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ကူးစက်တဲ့ရောဂါဖြစ်ပြီး ကာကွယ်ဆေးထိုးမှသာ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်တယ်လို့ တိမွေးကု ဆရာဝန်တယောက်က ပြောပါတယ်။
“ဒီရောဂါက ကာကွယ်ဆေးထိုးတာက အကောင်းဆုံးပါ။ ကာကွယ်ဆေးမထိုးလို့ ရောဂါဖြစ်ရင် ကုရခက်ပါတယ်။ ကုသရတာတော့ အနာသက်သာအောင် အနာသက်သာတဲ့ထိုးဆေးနဲ့ တခြားရောဂါ ထပ်မဝင်လာအောင် ပဋိဇီဝ ပိုးသတ်ဆေး ထိုးပေးလို့ရတယ်။ သက်သာအောင်တော့ စားကျက် တင်းကုပ်တွေကို ထုံးဖြူး ပိုးသတ်ဆေးဖျန်းတာ၊ အနာတွေကို ဆေးဖျန်းတာ၊ ကျောက်ချဥ်နဲ့ ဖန်ရေဆေးပေးတာ၊ ရေသန့်သန့်တိုက် အစာကျွေးရမယ်၊ မဖြစ်တဲ့ကောင်နဲ့ ဖြစ်တဲ့ကောင်တွေကို ခွဲပြီးထားရတယ်။ ဆရာဝန်မရှိတဲ့ နေရာတွေမှာဆိုရင်တော့ ကျောက်ချဥ်နဲ့ ဖန်ရည်ဆေး၊ လျှာတွေကို လျှာပွတ်ဆေးနဲ့ပွတ်၊ အနာကို ဆေးဝါရည်ထည့်ပေး၊ ရေထဲကို ဓာတ်ဆားထည့်တိုက်၊ တင်းကုပ်ကို ခြောက်သွေ့သန့်ရှင်းအောင် ထားရမယ်။”
ခွာနာလျှာနာဖြစ်နေတဲ့ ကျွဲ၊ နွားတွေကို စားကျက်မလွှတ်ဘဲ ရောဂါဖြစ်နေတဲ့အိမ်က ပြန်လာရင် ခြေလက် သေချာဆေးပြီးမှ ကိုယ့်အိမ်က နွားတွေကို ကိုင်တွယ်သင့်ပြီး အိမ်ရှင်တွေအနေနဲ့ တအိမ်နဲ့တအိမ် ကူးတာကို ရှောင်ရှားသင့်တယ်လို့ တိမွေးကုဆရာဝန်တွေက သတိပေးထားကြပါတယ်။
သီရိ